
အနောက်အာဖရိကတိုက်က ဂီနီဘစ်ဆာနိုင်ငံမှာ သမ္မတရွေးကောက်ပွဲရလဒ်မထွက်မီ စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။
သမ္မတ အူမာရိုဆစ်ဆိုကိုအမ်ဘာလိုကိုလည်း စစ်တပ်ကဖမ်းဆီးထားတယ်လို့ သိရပါတယ်။ မြို့တော် ဘစ်ဆာမှာ သေနတ်သံတွေ ကြားခဲ့ရပြီးနောက် စစ်အရာရှိတွေက နိုင်ငံပိုင်ရုပ်သံကနေ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
အမည်မဖော်ပြထားတဲ့ နိုင်ငံရေးသမားတယောက်က နာမည်ကျော် မူးယစ်ဂိုဏ်းခေါင်းဆောင် တယောက်ရဲ့ အကူအညီနဲ့ တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင်လုပ်လို့ ဝင်ရောက် ဟန့်တားလိုက်ရတာလို့ စစ်ဘက်အရာရှိတွေက ပြောပါတယ်။
နယ်စပ်တွေကို ပိတ်ထားပြီး ညပိုင်း ကာဖျူးအမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဂီနီ၊ အီကွေတိုးရီးယားဂီနီ၊ ဂီနီ-ဘစ်ဆော၊ ပါပူအာနယူးဂီနီဆိုပြီးတော့ နာမည်မှာ ဂီနီပါတာ ၄ နိုင်ငံရှိပါတယ်။
ဆီနီဂေါနဲ့ ဂီနီနိုင်ငံကြားမှာ ညပ်နေတဲ့ ဂီနီဘစ်ဆောမှာ အာဏာသိမ်းမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး မူးယစ်ကုန်ကူးရာ ဗဟိုချက်အဖြစ်လည်းထင်ရှားပါတယ်။
နိုဝင်ဘာ ၂၃ ရက်နေ့ ရွေးကောက်ပွဲရလဒ်ကို နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ရမှာဖြစ်ပြီး လက်ရှိသမ္မတရော၊ အနီးစပ်ဆုံးပြိုင်ဘက် ဖာနန်ဒိုဒီးယာ့စ်ရော ရွေးကောက်ပွဲနိုင်တယ်လို့ အပြိုင်ကြေညာထားပါတယ်။
သမ္မတအမ်ဘာလိုက သူ ဖြုတ်ချခံလိုက်ရပြီလို့ ဖုန်းခေါ်ဆိုမှုတခုမှာ ပြောဆိုခဲ့သလို၊ ပြိုင်ဘက် ဒီးယားစ်၊ ဝန်ကြီးချုပ်ဟောင်း ဒိုမီနီဂိုစ်ပရဲရားနဲ့ ပြည်ထဲရေးဝန်ကြီးတို့ကိုပါ စစ်တပ်က ဖမ်းထားတယ်လို့ အစိုးရသတင်းရင်းမြစ်တွေက ပြောပါတယ်။
Source:Reuters











