
စပိန်နိုင်ငံမြောက်ပိုင်း ပမ်ပလိုနာမြို့က နာမည်ကြီး ဆန်ဖာမင်နွားရိုင်းပြေးပွဲ ပွဲတော် ဇူလိုင် ၆ ရက်မှာ စတင်လိုက်ပြီ ဖြစ်ပါတယ်။
ပွဲတော်ဖွင့်ပွဲကို လူပေါင်း ၁၀,၀၀၀ ကျော် တက်ရောက်ခဲ့ပြီး အစဉ်အလာအတိုင်း ဝိုင်အရက်တွေ ပက်ဖျန်း အောင်ပွဲခံခဲ့ကြပါတယ်။
ပွဲတော်လာသူတွေဟာ အဖြူရောင် ဝတ်စုံတွေနဲ့ အနီရောင် လည်စည်းတွေကို ဝတ်ဆင် ထားကြ ပါတယ်။
ဇူလိုင် ၇ ရက် မနက်ပိုင်းကစပြီး ဇူလိုင် ၁၄ ရက်အထိ နွားရိုင်းပြေးပွဲတွေကို နေ့စဉ် ကျင်းပသွား မှာပါ။
ဒီပြေးပွဲမှာ လူရာပေါင်းများစွာဟာ ကီလို ၆၀၀ အလေးချိန်ရှိတဲ့ နွားရိုင်းကြီးတွေနဲ့အတူ မြို့ဟောင်း ထဲက လမ်းကျဉ်းလေးတွေထဲ ပြေးလွှားရတာ ဖြစ်ပါတယ်။
ညပိုင်းရောက်ရင်တော့ အဲဒီနွားရိုင်းတွေကို ကွင်းထဲမှာ နွားရိုင်းသတ်ပွဲအဖြစ် ဆက်လက် ကျင်းပ ပါတယ်။
ဒီပွဲတော်ကို အမေရိကန် စာရေးဆရာကြီး အားနက်စ် ဟဲမင်းဝေးရဲ့ ဝတ္ထုကနေတဆင့် ကမ္ဘာတဝန်း က လူသိများလာတာပါ။
၁၉၂၄ ခုနှစ်ကတည်းက ဒီပြေးပွဲကြောင့် သေဆုံးသူ ၁၆ ယောက်အထိ ရှိခဲ့ပြီး နှစ်စဉ် လူဒါဇင်နဲ့ချီ ဒဏ်ရာ ရလေ့ ရှိပါတယ်။
တိရစ္ဆာန် အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဒီနွားရိုင်းပြေးပွဲကို ကန့်ကွက်တဲ့အနေနဲ့ ဇူလိုင် ၅ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
Source:Reuters











