DVB Logo
Home
မြန်မာသတင်း
အာဆီယံ-ကိုရီးယား စီးပွားရေး မြှင့်တင်ရေးကြိုးပမ်းရန် မြန်မာသမ္မတ တောင်းဆို
DVB
·
December 11, 2014
အာဆီယံ-ကိုရီးယား စီးပွားရေး မြှင့်တင်ရေးကြိုးပမ်းရန် မြန်မာသမ္မတ တောင်းဆို
Donate to DVB

အာဆီယံနဲ့ ကိုရီးယားအကြား လွတ်လပ်စွာကုန်သွယ်ရေး တိုးတက်လာတာကို အခွင့်အလမ်းအဖြစ် အသုံးပြုပြီး ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်း လုပ်ဆောင်ကြဖို့ ဒေသတွင်းက စီးပွားရေးခေါင်းဆောင်တွေကို အာဆီယံဥက္ကဋ္ဌ မြန်မာသမ္မတ ဦးသိန်းစိန်က တောင်းဆိုလိုက်ပါတယ်။

U Thein Sein Asean 11122014တောင်ကိုရီးယားနိုင်ငံ ဒုတိယမြို့တော် ဘူဆန်ဆိပ်ကမ်းမြို့မှာ ဒီနေ့ကျင်းပတဲ့ အာဆီယံနဲ့ ကိုရီးယားက စီးပွားရေးခေါင်းဆောင် ၄၀၀ လောက် တက်ရောက်တဲ့ အမှုဆောင်အရာရှိချုပ် ထိပ်သီးအစည်းအဝေးမှာ ပြောကြားလိုက်တာပါ။

သမ္မတဦးသိန်းစိန်က “ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာမှာ အစိုးရ၊ ပုဂ္ဂလိက မိတ်ဖက်ပြုမှုဟာ များစွာအရေးပါပါတယ်။ အစိုးရ၊ ပုဂ္ဂလိက မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံများရဲ့ စီးပွားရေးဖွံဖြိုးမှု အထူးသဖြင့် အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးမှုအတွက် အကျိုးရှိစေမှာဖြစ်ပါတယ်”လို့ မိန့်ခွန်းမှာ ပြောပါတယ်။

တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးကတော့ စီးပွားရေးအခွင့်အလမ်းတွေ တိုးချဲ့ မြှင့်တင်ဖို့ အာဆီယံနဲ့ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ကို ပိုမိုဖြေလျော့မှု တွေ လုပ်ပေးဖို့လိုတယ်။ ဒါမှသာ စီးပွားရေးလုပ်ငန်းတွေဟာ ဒီသဘောတူညီချက်ရဲ့ အကျိုးကို ပိုမို ခံစားရနိုင်တယ်လို့ ပြောပါတယ်။

ဒါပြင် တောင်ကိုရီးယားနဲ့ အာဆီယံတို့အနေနဲ့ စွမ်းအင်နဲ့ ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချမှုအပြင် ၀န်ဆောင်မှုကဏ္ဍမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ချဲထွင်ဖို့လည်း ကိုရီးယားသမ္မတက တောင်းဆို လိုက်ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အာဆီယံနဲ့ ကိုရီးယား ထိပ်သီးအစည်းအဝေးကို အာဆီယံဥက္ကဋ္ဌအဖြစ် တက်ရောက်ဖို့ တခြားအာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေနဲ့ မနေ့ကတည်းက တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၁ ကနေ ၁၂ ရက်ထိ ၂ ရက်ကြာ ကျင်းပမဲ့ ဒီအစည်းအဝေးကို အာဆီယံ ကိုရီးယားဆက်ဆံရေး ၂၅ နှစ်ပြည့်ချိန်မှာ တောင်ကိုရီးယားနဲ့ အာဆီယံအကြား မဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ရည်ရွယ်ကျင်းပတာပါ။

အာဆီယံဟာ တောင်ကိုရီယားရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက် ဖြစ်ပြီး အပြန်အလှန်ကုန်သွယ်မှုတန်ဖိုး မနှစ်က အမေရိကန်ဒေါ်လာ ၁၃၅ ဘီလီယံ ရှိခဲ့တာပါ။

ဒီအစည်းအဝေးပြင်ပမှာတော့ သမ္မတ ဦးသိန်းစိန်နဲ့ တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးတို့ သီးခြား တွေ့ဆုံပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်တဲ့ နှစ် ၄၀ ပြည့် ကိစ္စတွေနဲ့ ယဉ်ကျေးမှု ဖလှယ်ရေးစတာတွေ ဆွေးနွေးဖွယ် ရှိနေပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ၂၀၁၂ ခုနှစ် အောက်တိုဘာလကလည်း တောင်ကိုရီးယားနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ခုအကြိမ်ဟာ ဒုတိယအကြိမ်မြောက် သွားရောက်တာ ဖြစ်ပါတယ်။

တောင်ကိုးရီးယားနဲ့ မြန်မာနိုင်ငံတို့ကြားမှာ ၁၉၇၅ ခုနှစ်ကတည်းက သံတမန် ဆက်ဆံရေး စတင်တည်ထောင်ခဲ့တာ ဖြစ်လို့ နှစ်ပေါင်း ၄၀ သက်တမ်းရှိပါပြီ။
သမ္မတရဲ့ တောင်ကိုးရီးယား ခရီးစဉ်မှာပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးဝဏ္ဏမောင်လွင်၊ ဦးကျော်ဆန်း၊ ဦးမြင့်လှိုင်၊ ဦးမောင်မြင့်၊ ဒေါက်တာကံဇော်၊ ဦးရဲထွဋ်၊ စသူတွေလည်း လိုက်ပါသွားတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013