
ပူတာအိုခရိုင် မချမ်းဘော့မြို့မှာ စစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေပြီး လမ်းပိုင်းတချို့ကိုလည်း ထိန်းချုပ်ပိတ်ထားတာကြောင့် စိုက်ပျိုးရေးလုပ်တဲ့ ဒေသခံတွေ အခက်အခဲ ဖြစ်နေပါတယ်။
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့ အထိုင်တပ် ခ.လ.၇ ၁၃၇ တပ်ထဲကို စစ်ကောင်စီက အင်အားဖြည့်တင်းနေပြီး လမ်းပိုင်းတချို့ကိုလည် ပိတ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုင်ဝင်ဘာ ၁၀ ရက်ကနေ ၁၇ ရက်အထိ မချမ်းဘောက စစ်ကောင်စီတပ်တွေ မလိခမြစ်အောက်ဘက်ကို စစ်ရေးလှုပ်ရှားလာတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်အင်အား ဖြည့်တင်းလာသလို လမ်းပိုင်းတချို့ကိုလည်း ထိန်းချုပ်ထားတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ဒီဘက်တွေက ပူတာအိုမှာ လေယာဉ်ဆင်းလို့ရတော့ အဲကနေပဲ စစ်တပ်က အင်အားတွေ ဖြည့်တင်းနေတာ။ တခါတလေ လက်နက်တွေပါတယ်။ အင်အားလာဖြည့်ရင်တော့ စစ်သားတွေ အပြည့်ပဲ။ အဲ့ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်ပြီးကတည်းက သူတို့အင်အားဖြည့်တာတွေ လုပ်နေတာ။”
စစ်ကောင်စီတပ်တွေက မချမ်းဘော့အောက် လုံရှာယာန်ဘက်ဆင်းတဲ့ နောင်ခိုင်စက်လှေဆိပ်ကိုလည်း ပိတ်ထားတာကြောင့် မလိခမြစ်အောက်ဘက်က ကျေးရွာအသွားအလာ ပြတ်တောက်နေပြီး မြစ်အောက်ဘက်မှာ စိုက်ပျိုးရေးလုပ်ထားတဲ့ ဒေသခံတွေလည်း အခက်အခဲ ဖြစ်နေကြပါတယ်။
ဒေသခံက “မချမ်းဘော - ပူတာအို ကားလမ်းပိုင်းကနေ KIA တွေ တက်လာနိုင်တယ်လေ ပူတာအိုဘက်ကို။ အဲ့တောကြောင့် မချမ်းဘော့ကို ဝင်တဲ့ လမ်းတွေကို သူတို့ထိန်းချုပ်ထားတာ။ နောင်ခိုက်လှေဆိပ်က ပိတ်ထားတုန်းပဲ။ ထန်ဂါးဘက်တော့ သွားလို့ရတယ် အစစ်အဆေးတော့များတယ်” လို့ ပြောပါတယ်။
မချမ်းဘော့မြို့ဟာ ပူတာအိုမြို့ရဲ့အရှေ့ဘက် ၁၀ မိုင်ကျော်အကွာမှာရှိပြီး မချမ်းဘော့–ပူတာအိုကားလမ်းပိုင်းကနေတဆင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ ပူတာအိုမြို့ထဲ ဝင်ရောက်လာနိုင်တာကြောင့် စစ်ကောင်စီက မချမ်းဘော့မြို့ထဲကို စစ်အင်အားဖြည့်တာအပြင် မြို့ထဲ ဝင်ရောက်နိုင်တဲ့ လမ်းပိုင်းတွေကို ထိန်းချုပ်တာတွေ လုပ်နေတာပါ။
စက်တင်ဘာလကုန်းပိုင်းကစပြီး စစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေ ပူတာအိုမြို့ထဲ ဝင်ရောက်နိုင်တဲ့ ဆွမ်ပရာဘွမ့်–ပူတာအိုကားလမ်းပိုင်းနဲ့ နောင်မွန်–မချမ်းဘော့ကားလမ်းပိုင်းတွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာတဲ့နောက် စစ်ကောင်စီက ပူတာအိုမြို့တွင်းမှာလည်း စစ်အင်အားဖြည့်တာအပြင် မြို့တွင်းမြို့ပြင် ပုံမှန်စစ်ရေးလှုပ်ရှားတာနဲ့ ညဘက် စစ်ဆေးရေးလုပ်တာတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပူတာအိုခရိုင်ထဲက ခေါင်လန်ဖူးမြို့နယ်ရှိ လန်ဟီဆင်ဒေသဘက်မှာလည်း စစ်ကောင်စီ လက်လွှတ်ခဲ့ရတဲ့ လန်ဟီဆင်စခန်းနဲ့ လန်ဆယ်မြို့ကို ပြန်သိမ်းနိင်ဖို့ စစ်ရေးလှုပ်ရှားမှုတွေ တောက်လျှောက် လုပ်ဆောင်နေတာကြောင့် လက်ရှိအချိန်အထိ နှစ်ဖက်စစ်ရေးတင်းမာနေပါတယ်။
ဟန်န











