DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ဆေးလိပ်သောက်သူ ၇ သိန်းကျော် ဆီးချိုရောဂါဖြစ်နေ
DVB
·
November 26, 2025
ထိုင်းတွင် ဆေးလိပ်သောက်သူ ၇ သိန်းကျော် ဆီးချိုရောဂါဖြစ်နေ
Donate to DVB

ထိုင်းနိုင်ငံမှာ ဆေးလိပ်သောက်သုံးသူ ၇ သိန်းကျော် ဆီးချိုရောဂါ ဖြစ်ပွားနေကြပြီး သူတို့ထဲက ထက်ဝက်နီးပါးကတော့ ရောဂါရှိနေမှန်း မသိကြဘူးလို့ ဆေးပညာရှင်တွေက သတိပေးလိုက်တဲ့အကြောင်း  နိုဝင်ဘာ ၂၆ ရက်ထုတ် Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

ဒီအချက်အလက်တွေဟာ ထိုင်းနိုင်ငံ၊ မဟီဒေါတက္ကသိုလ်ရဲ့ ရာမာဓိဘောဒီဆေးရုံ၊ ဆေးပညာဌာနနဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးစနစ်သုတေသနအင်စတီကျုနဲ့ ထိုင်းကျန်းမာရေးမြှင့်တင်မှု ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီးတော့ မနှစ်ကပြုလုပ်ခဲ့တဲ့ ကျန်းမာရေးစစ်ဆေးမှုစစ်တမ်းကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ 

မဟီဒေါတက္ကသိုလ် ရာမာဓိဘောဒီဆေးရုံ၊ ဆေးပညာဌာနမှ ဒေါက်တာ ရိုအင်ဂရူဒီ ပါတာနာဗာနစ်ချ်က ထိုင်းနိုင်ငံသား ၆ ဒသမ ၁ သန်းမှာ ဆီးချိုရောဂါရှိနေတယ်လို့ ပြောလိုက်တာပါ။

အဲဒီထဲက ၇၇၉,၀၆၀ ဦးကတော့ ဆေးလိပ်သောက်သုံးသူတွေ ဖြစ်ကြပြီး အဆိုပါ ဆေးလိပ်သောက်သုံးသူတွေထဲက ၃၇၇,၅၄၂ ဦး၊ ဒါမှမဟုတ် ထက်ဝက်နီးပါးဟာ သူတို့မှာ ဆီးချိုရောဂါ ရှိနေတာကို မသိရှိကြဘူးလို့ ဆိုပါတယ်။

နောက်ထပ် ၄၂,၀၉၉ ဦးကတော့ သူတို့မှာ ဆီးချိုရောဂါရှိနေမှန်း သိကြပေမဲ့ ဆေးဝါးကုသမှု ခံယူခြင်းမရှိကြဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဆေးဝါးကုသမှု ခံယူနေသူတွေထဲမှာတောင် ၂၂၆,၃၉၂ ဦးက ရောဂါကို ကောင်းကောင်းမထိန်းချုပ်နိုင်ဘဲ ၁၃၃,၀၂၇ ဦးသာ ကောင်းမွန်စွာ ထိန်းချုပ်နိုင်တယ်လို့ စစ်တမ်းက ဖော်ပြပါတယ်။ 

ဆေးလိပ်သောက်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှုဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ပရာကစ် ဗာသီဆာတိုကစ်က  အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာရဲ့ အချက်အလက်တွေအရ ဆေးလိပ်သောက်ခြင်းဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်စေတယ်လို့ ပြောလိုက်သလို ဆေးလိပ် ပိုသောက်လေလေ၊ အန္တရာယ် ပိုများလေလေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

ဒါ့အပြင် သူက ဆေးလိပ်သောက်သုံးသူ ၃၇၈,၀၀၀ လောက်ဟာ သူတို့မှာ ဆီးချိုရောဂါ ရှိနေတာကို မသိဘဲ နေထိုင်နေတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ 

ထိန်းချုပ်ကုသမှုမရှိတဲ့ ဆီးချိုရောဂါနဲ့ ဆေးလိပ်သောက်ခြင်းတို့ကြောင့် သူတို့ရဲ့ သွေးကြောတွေဟာ လျင်မြန်စွာ ပျက်စီးလာပြီး နှလုံးရောဂါ၊ လေဖြတ်တာ၊ ပန်းသေပန်းညှိုး ဖြစ်တာ၊ အမြင်အာရုံ ဆုံးရှုံးနိုင်တာ၊ ကျောက်ကပ်လုပ်ဆောင်ချက် ကျဆင်းတာ၊ ဒါမှ မဟုတ် ခြေလက်တွေမှာ သွေးလွှတ်ကြောပိတ်ဆို့တာတွေလို ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်လာမှသာ ရောဂါရှိမှန်း သိရှိကြရတာများတယ်လို့လည်း သူက ပြောလိုက်ပါတယ်။

Source: Bangkok Post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013