DVB Logo
Home
Lead Story
သမီးသေဆုံးတဲ့အပြင် အဖေပါ တရားစွဲခံရတော့ သိပ်နစ်နာတယ်- ဦးခွန်နောင်
DVB
·
December 11, 2014
သမီးသေဆုံးတဲ့အပြင် အဖေပါ တရားစွဲခံရတော့ သိပ်နစ်နာတယ်- ဦးခွန်နောင်
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ အစိုးရနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အကြား တိုက်ပွဲအတွင်း သမီးဖြစ်သူ သေဆုံးခဲ့ရမှုကို ဖော်ထုတ်ပေးဖို့ သမ္မတနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို တင်ပြခဲ့သူဟာ တပ်မတော်ရဲ့ တရားလိုပြုတရားစွဲခံနေရပြီး တရားလိုက တရားခွင်ကို မလာရောက်တဲ့အတွက် အမှုကြန့်ကြာနစ်နာနေပါတယ်။

U Bran Shaung၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းက ဖားကန့်မြို့နယ် မှော်ဝမ်းအုပ်စု (၁)၊ ဆွတ်ငိုင်ယန်ရပ်ကွက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲဖြစ်လို့ ကျောင်းအပြန်လမ်းမှာ ဦးဘရန်ရှောင်ရဲ့ သမီး နဝမတန်းကျောင်းသူ ၁၄ နှစ်အရွယ် မဂျာဆိုင်းအိန် လက်နက်ထိမှန်သေဆုံးခဲ့ပါတယ်။

ဦးဘရန်ရှောင်က သမ္မတဦးသိန်းစိန်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို စုံစမ်းဖော်ထုတ်ပေးဖို့ ပန်ကြားတဲ့စာမှာ အချက်အလက် လိမ်လည်ရေးသားတယ်ဆိုပြီး ဖားကန့်နယ်မြေအခြေစိုက် စစ်ဗျူဟာက တရားစွဲ ဆိုခဲ့ တာဖြစ်ပါတယ်။

ဒီတိုက်ပွဲဟာ အစိုးရနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) အကြား ၁၉၉၄ ခုနှစ်ကစလို့ ၁၇ နှစ်ကြာ အပစ်ရပ်သဘောတူညီချက်ရထားရာကနေ ၂၀၁၁ ဇွန်လဆန်းမှာ အပစ်ရပ်သဘောတူညီချက် ကျိုးပေါက်ခဲ့ပြီးနောက် ဖြစ်ပွားတဲ့ တိုက်ပွဲစဉ်တွေထဲက တပွဲဖြစ်ပါတယ်။

ဒီတိုက်ပွဲမှာ မဂျာဆိုင်းအိန်သာမကပဲ မှော်ဝမ်းမှ မဆိုင်းလုပန် (အသက် ၁၇ နှစ်)၊ ဂလောင်းခေါဘောမ် (ခ) ယာကု (အသက် ၃၆ နှစ်)၊ ကိုကျော်ထိန်လင်း (အသက်၂၇ နှစ်)၊ ခေါဆောင် (အသက် ၃၅ နှစ်)၊ ဆွတ်ငိုင်ရန်မှ ကိုစိုးမိုး (အသက် ၄၄ နှစ်)၊ မှော်ဝမ်းစစ်ပြေး ဒုက္ခသည် မလုဘူခွန်ဆိုင်း (အသက် ၃၁ နှစ်)၊ မလုဘူဂျာလုအွန် (အသက်ရှစ်နှစ်) တို့လည်း ထိခိုက်ဒဏ်ရာအသီးသီးရခဲ့ကြပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဖြစ်ရပ်မှန်ဖော်ထုတ်ရေးကော်မတီက ဒီဇင်ဘာ ၆ ရက်နေ့က ရန်ကုန်မှာ သက်သေတွေကို မေးမြန်းချက်မှတ်တမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဖော်ထုတ်ရေးကော်မတီဝင် ရှေ့နေ ဦးခွန်နောင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးခွန်နောင်တို့ ရန်ကုန်မှာ လွန်ခဲ့တဲ့ ရက်ပိုင်းက ဦးဘရန်ရှောင်အမှု မှတ်တမ်းဖြန့်ချိမှုနဲ့ ပတ်သက်လို့ ရှင်းပြပါ။

“ကျနော်တို့ ဖြစ်ရပ်မှန်ဖော်ထုတ်ရေးကော်မတီကို ဖွဲ့စည်းတယ်။ ကော်မတီအနေနဲ့ အချင်းဖြစ်ချိန်မှာ အဲဒီကလေးမ (ဦးဘရန်ရှောင်ရဲ့ သေဆုံးခဲ့တဲ့ သမီးငယ်) နဲ့အတူရှိနေတဲ့ ကျောင်းသူမလေးတွေကို ကျနော်တို့က အင်တာဗျူးလုပ်ပြီးတော့မှ document (မှတ်တမ်း) လုပ်ထားတာရှိတယ်။ အဲဒါကို ကျနော်တို့က စာအုပ်မိတ်ဆက်ပွဲလုပ်တာပါ။”

စာအုပ်မိတ်ဆက်တဲ့ရည်ရွယ်ချက်ကို ပြောပြပါလား။

“အဓိကရည်ရွယ်ချက်ကတော့ ဦးဘရန်ရှောင်ရဲ့ သမီးက သေနတ်နဲ့ပစ်ခံရတယ်။ ပစ်ခံရတဲ့အပေါ်မှာ ဖခင်ဖြစ်သူ ဦးဘရန်ရှောင်က ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ဆိုပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရယ်၊ နိုင်ငံတော်သမ္မတဆီကို သူစာတင်တယ်။ စာတင်တဲ့အပေါ်မှာ တပ်မတော်ကနေပြီးတော့ ဦးဘရန်ရှောင်ကို မမှန်မကန် စွပ်စွဲပါတယ်ဆိုပြီး တရားပြန်စွဲတာပေါ့လေ။ စွဲတော့အခြေအနေက ဘယ်လိုဖြစ်သွားသလဲဆိုတော့ သမီးလည်း သေဆုံးတယ်၊ အဖေကလည်း တရားစွဲခံရတဲ့အခြေအနေ ဖြစ်နေတာပေါ့။ ဦးဘရန်ရှောင်က အမှုရင်ဆိုင်နေရတာပေါ့လေ။ ဒီကိစ္စကို လူ့အခွင့်အရေးကော်မရှင်ကနေ စုံစမ်းစစ်ဆေးပေးဖို့ဆိုပြီးတော့ ဦးဘရန်ရှောင်အနေနဲ့ လျှောက်တာပေါ့နော်၊ တိုင်ကြားတာပေါ့။ တိုင်ကြားတဲ့အပေါ်မှာ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဘာမှ မလုပ်ပေးတဲ့အပြင် မြန်မာ့တပ်မတော်ကနေပြီး တရားလိုလုပ်ပြီးတော့မှ တရားစွဲတာ ခံနေရတာပေါ့။”

“အခု အမှုက (၁) နှစ်ကျော် (၂) နှစ်လောက် ရောက်လာပြီပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ဗိုလ်မှူး ဇာနည်မင်းပိုက်က တရားလိုလုပ်ပြီးစွဲတာကိုး။ စွဲတော့အမှုက တရားလိုတွေကို စစ်တယ်။ တရားလိုပြသက်သေတွေကို စစ်တယ်။ စစ်ပြီး စွဲချက်တင်တယ်၊ တင်ပြီးနောက်ပိုင်းမှာ စွဲချက်ကို ဦးဘရန်ရှောင်တို့ဘက်က မကျေနပ်ဘူးဆိုပြီး မိုးညှင်းခရိုင်တရားရုံးကို ပြင်ဆင်မှုတက်တယ်။ ဒါပေမယ့် မိုးညှင်းခရိုင်တရားရုံးကလည်း ပယ်တယ်။ ပယ်ပြီးတော့မှ ပြည်နယ်လွှတ်တော်ပေါ့နော် ကချင်ပြည်နယ်တရားလွှတ်တော်ကို ပြန်တက်တယ်။ ဒါပေမယ့်လည်း အဲဒီမှာလည်း ပယ်ခံရတယ်။ ပယ်ပြီးတော့မှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုလည်း တက်တယ်။ အဲဒီမှာလည်း ပယ်ခံရတယ်။ ပယ်ခံရတဲ့အခါကျတော့ ဦးဘရန်ရှောင်အနေနဲ့ တော်တော်ကို နစ်နာနေတာပေါ့လေ။ နောက်တခုက ကျနော်တို့က ပြန်ခေါ်သက်သေအနေနဲ့ တရားလို ဗိုလ်မှူးဇာနည်မင်းပိုက်ကိုလည်း ခေါ်ထားတယ်။ ခေါ်ထားတာ ဗိုလ်မှူးဇာနည်မင်းပိုက်က အခုချိန်ထိ ရောက်မလာတဲ့အခါကျတော့ အမှုက ကြန့်ကြာနေရတာပေါ့လေ။

သူ (တရားလို ဗိုလ်မှူးဇာနည်မင်းပိုက်) က ဘယ်ရောက်နေလဲရှင့်။

“ဘယ်ရောက်နေလဲဆိုတာက စုံစမ်းလို့ကို မရတာခင်ဗျ။ ပထမတော့ မုံရွာမှာလိုလို၊ မုံရွာကို ဆင့်စာပို့တော့ မုံရွာမှာလည်း မရှိတော့ဘူးပေါ့နော်။ ပြီးတော့မှ ရှမ်းပြည်ဘက်က ကွန်ဟိန်းဆိုလား အဲဒီဘက်ကို ရောက်တယ်တဲ့။ အဲဒီဘက်ကို ဆင့်စာပို့တော့လည်း အဲဒီဘက်မှာလည်း မရှိတော့ပြန်ဘူးတဲ့။ နောက်ကျတော့ ပခုက္ကူဘက်လိုလိုကြားလို့ ပခုက္ကူဘက်ကိုလည်း ကျနော်တို့က ဆင့်စာပို့တယ်။ ပို့ပေမယ့်လည်း ဘာမှ အကြောင်းထူးခြားတာမရှိဘူးပေါ့လေ၊ အဲလိုအခြေအနေ ဖြစ်နေတဲ့အခါကျတော့ ဦးဘရန်ရှောင်က ဒီအမှုကို ရင်ဆိုင်နေရတဲ့အပေါ်မှာ အများကြီးနစ်နာတာပေါ့။ နစ်နာတဲ့အခါကျတော့ ကျနော်တို့ ဖြစ်ရပ်မှန်ဖော်ထုတ်ရေးကော်မတီအနေနဲ့ကတော့ ဦးဘရန်ရှောင်တောင်းဆိုသလိုပေါ့လေ ဒီကိစ္စမှာ ဒီအခင်းဖြစ်စဉ်ကို မှန်မှန်ကန်ကန် လူ့အခွင့်အရေးကော်မရှင်အနေနဲ့သော်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအနေ နဲ့သော်လည်းကောင်း စုံစမ်းစစ်ဆေးပေးဖို့ပေါ့နော်။ အခု တရားလိုဘက်က မြန်မာ့တပ်မတော်က ပြောနေတာက မိုင်းစထိမှန်တယ်လို့ပြောတယ်။ ဒါပေမယ့် တကယ်တမ်းကတော့ သေနတ်ထိမှန်တယ်ဆိုပြီးတော့မှ မျက်မြင်သက်သေတွေ အားလုံးရှိတာပေါ့လေ။ အဲလိုအငြင်းပွားနေတဲ့အပေါ်မှာ ပြည်ထောင်စုအစိုးရအနေနဲ့ နိုင်ငံတော်သမ္မတအနေနဲ့သော်လည်းကောင်း၊ လူ့အခွင့်အရေးကော်မရှင်အနေ နဲ့သော်လည်းကောင်း မှန်မှန်ကန်ကန်လေးပေါ့နော် စုံစမ်းစစ်ဆေးပေးဖို့ ကျနော်တို့ တောင်းဆိုတာပေါ့လေ။”

အဲဒီတုန်းက ဆရာဝန်ထောက်ခံစာတွေ ရှိလားရှင့်။ မိုင်းထိတာလား၊ သေနတ်ထိတာလားဆိုတာ။

“သူတို့ကတော့ တိတိကျကျ ထင်မြင်ချက်မပေးနိုင်ဘူးပေါ့လေ။ ဘာလို့လည်းဆို သူတို့က ဆရာဝန်သာဖြစ်တယ်၊ လက်နက်ပါရဂူမဟုတ်ဘူးလေ။ မဟုတ်တဲ့အပေါ်မှာ သူတို့မြင်တဲ့အပေါ်မှာပဲ ထင်jမင်ချက်ပေးနိုင်တာပေါ့။ သူတို့ကတော့ လက်နက်စ ထိမှန်တယ်လို့ပဲပြောတယ်။ သေနတ်ကြောင့်လား၊ မိုင်းကြောင့်လားဆိုတာ တိတိကျကျထွက်ဆိုထားတာ မရှိဘူးလေ။”

ကောင်မလေးအလောင်း ဆေးရုံကို ရောက်သေးလား။

“ရောက်တယ်၊ ဖားကန့်ပြည်သူ့ဆေးရုံပေါ့နော်။”

အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားချက်အပေါ် မူတည်ပြီး တရားစွဲဆိုခံရမှုအပေါ် ပြောစရာစကား။

“လူ့အခွင့်အရေးကော်မရှင်ကို စာတင်လိုက်တာနဲ့ စာတင်တဲ့လူဟာ လူ့အခွင့်အရေးကော်မရှင်မှာ မူတွေရှိတယ်လေ။ သူတို့ကို တိုင်ကြားတဲ့ဥစ္စာကို တဖက်ကို လုံးဝပေါက်ကြားမှုမရှိအောင် သူတို့က တာဝန်ယူရမယ်ဆိုတဲ့မူတွေရှိတယ်။ အဲဒါကို ပေါက်ကြားသွားတဲ့အပြင် တိုင်တဲ့လူကို တရားပြန်စွဲခံနေရတဲ့အခြေအနေ ရောက်နေတာပေါ့နော် အခုအခြေအနေက။”

အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားတာ ကြာပြီလားရှင့်။

“ကြာပြီဗျ။ အခင်းဖြစ်တာ ၂၀၁၂ မှာဖြစ်တာ။ အခင်းဖြစ်ပြီး နှစ်ပတ်လောက်ကြာတဲ့အချိန်မှာ ဖခင်ဦးဘရန်ရှောင်က စုံစမ်းဖော်ထုတ်ပေးဖို့ လူ့အခွင့်အရေးကော်မရှင်ကို တိုင်လိုက်တာ။ တိုင်ပေးမယ့်လည်း မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က လုပ်ဆောင်ပေးတာ မရှိတဲ့အပြင် တိုင်တဲ့သူကိုပါ တရားစွဲခံနေရတာပေါ့နော်။ ၂၀၁၃ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ဦးဘရန်ရှောင်ကို စပြီးတော့ တရားစွဲတာပေါ့နော်။ တရားလို ဗိုလ်မှူး ဇာနည်မင်းပိုက်ကနေ။”

အမှုကြာရှည်နေလို့ ဦးဘရန်ရှောင် နစ်နာရတယ်ဆိုတော့ ဘယ်လိုနစ်နာတာတွေမျိုးလဲရှင့်။

“သူက နစ်နာတာကတော့လေ။ အခု ဒီလိုဖြစ်တာဗျ။ ဗိုလ်မှူးဇာနည်မင်းပိုက်တို့ကနေ တရားစွဲတဲ့အခါကျတော့ တဖက်က တရားလိုက တပ်မတော်ဖြစ်တဲ့အခါကျတော့ ဖားကန့်က ရှေ့နေတွေက မလိုက်ကြတော့ဘူးပေါ့နော်။ မလိုက်ရဲတဲ့အပေါ်မှာ ဦးဘရန်ရှောင်တို့က အန်အယ်လ်ဒီတို့၊ ရှစ်ဆယ့်ရှစ်မျိုးဆက်တို့ကို အကူအညီတောင်းတာပေါ့။ တောင်းတဲ့အခါ မန္တလးက ရှေ့နေတို့ကို ငှားရတာပေါ့လေ။ ရှေ့နေခမယူကြပေမယ့် လမ်းစရိတ်က အများကြီးကုန်တာပေါ့လေ။ ရုံးချိန်းတချိန်း တချိန်းမှာဆို ၁၂ သိန်းနဲ့ ၁၅ သိန်းအကြား ကုန်တာပေါ့လေ။ အဲဒါက အခု (၂) နှစ်ကျော်လောက်ရှိလာပြီလေ။ အဲဒါကြောင့်မို့လို့ သူ့မှာ ငွေရေး၊ ကြေးရေးအရကော အများကြီးနစ်နာတယ်။ နောက်တခု သူတို့မိသားစုမှာတွေရော၊ ဒီအမှုကြီးက မပြီးသေးတဲ့အခါကျတော့ တခြားလုပ်ငန်းတွေ လုပ်လို့ မရဘူးပေါ့နော်။ အဲလိုမျိုးတွေနဲ့နစ်နာနေတာပေါ့နော်။ ဦးဘရန်ရှောင်ကတော့ အာမခံနဲ့တော့ နေရတာပေါ့ဗျာ။ (အာမခံကြေး ကျပ်ငွေ ခြောက်သိန်း) ဒါပေမယ့်လည်း သူက လောလောဆယ် တရားခံဖြစ်နေတာဆိုတော့ တခြားလုပ်ငန်းတွေပေါ်မှာလည်း လုပ်ကိုင်ရတာ ခက်တဲ့အနေအထားတွေ ရှိတာပေါ့။ အများကြီးနစ်နာတာပေါ့၊ တခြားနစ်နာတာတွေကတော့ ငွေရေးကြေးရေး၊ လူမှုရေးအပြင် စိတ်ထိခိုက်မှုတွေလည်း အများကြီးရှိတာပေါ့။ သူ့မိသားစုတွေရော။”

ဒီဖြစ်စဉ်တခုလုံးကို ဦးခွန်နောင် ဘယ်လိုသုံးသပ်ဝေဖန်နိုင်မလဲ။

“ကျနော်တို့ကတော့ လောလောဆယ် သူတို့တိုင်တဲ့ အနေနဲ့ကတော့ သူတို့တိုင်တဲ့ လိမ်လည်တိုင်တန်းတယ်ဆိုတာကတော့ ပြဋ္ဌာန်းမှုတွေနဲ့ ကိုက်ညီမှုမရှိဘူးပေါ့လေ။ ဒါပေမယ့်လည်း တရားရုံးရဲ့ အဆုံးအဖြတ်က ဘယ်လိုလာမလဲဆိုတာ ကျနော်တို့ကတော့ စောင့်ကြည့်ရမှာပေါ့။ အမှုက မပြီးသေးတော့ တရားရုံးက ဘယ်လိုဆုံးဖြတ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013