DVB Logo
Home
မြန်မာသတင်း
မင်းလက်ပံ ကျားဖြန့်လုပ်သားများ ထိုင်းဘက်ဝင်ခွင့်မရဘဲ ပိတ်မိ၊ ခိုက်ရန်ဖြစ်ပွားပြီး မီးရှို့  
DVB
·
November 25, 2025
မင်းလက်ပံ ကျားဖြန့်လုပ်သားများ ထိုင်းဘက်ဝင်ခွင့်မရဘဲ ပိတ်မိ၊ ခိုက်ရန်ဖြစ်ပွားပြီး မီးရှို့  
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က မင်းလက်ပံကျားဖြန့်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ နိုင်ငံစုံက အလုပ်သမားတွေကို ပြန်လည်ပို့ဆောင်ဖို့ ထိုင်းနိုင်ငံက လက်မခံသေးတဲ့အပြင်  တိုက်ပွဲတွေကြောင့် ကျားဖြန့်လုပ်သားတွေ နေရပ်မပြန်နိုင်သေးဘဲ ပိတ်မိနေပါတယ်။

နိုဝင်ဘာ ၂၄ ရက် ညပိုင်းမှာတော့ မင်းလက်ပံရွာ ကျားဖြန့်လုပ်ငန်းရုံမှာ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ တခြားနိုင်ငံသားတွေ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်မှာ အဆောက်အအုံတချို့ကို  မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

နိုဝင်ဘာ ၂၁ ရက်က မင်းလက်ပံကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း မင်းလက်ပံကျေးရွာက ကျားဖြန့်ရုံကို လုံခြုံရေးယူပေးနေတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ဗိုလ်သခွားသီး ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေက KNLA ပူးပေါင်းတပ်တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဒါကြောင့် KNLA ပူးပေါင်းတပ်တွေက ကျားဖြန့်ဝင်းကို ဝင်ရောက်စီးနင်းပြီး DKBA တပ်ဖွဲ့ဝင် ၂၃၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။ လက်ရှိမှာလည်း ကျားဖြန့်လုပ်သားတွေကို ထိုင်းနိုင်ငံက လက်မခံသေးတဲ့အပြင် တဖက်မှာလည်း တိုက်ပွဲတွေကြောင့် ပိတ်မိနေပါတယ်။

ကျားဖြန့်မှာ အဓမ္မစေခိုင်းခံရသူတယောက်က “DKBA တွေက ပြေးသွားပြီ။ ဒီထဲမှာ ဘယ်သူမှ အလုပ်မလုပ်တော့ဘူး။ ပြန်မယ့်အချိန်ကို စောင့်နေတာ။ ဒီက PDF တွေ ပြောတာ။ တရုတ်တွေ အကုန်လုံးကို တရုတ်ပြည် ပြန်ပို့မယ်လို့ ပြောတယ်။ မြန်မာတွေကတော့ မြန်မာပြည်ကို ကိုယ်အစီအစဉ်နဲ့ကိုယ် ပြန်ကြပေါ့။ အခုကျတော့ လမ်းမှာ တိုက်ပွဲဖြစ်နေတော့ ပြန်မလွှတ်သေးဘူး။ ရှေ့ရက်က ညီမတို့ ပြောသံကြားတာတော့ ဒီထဲက သူဌေးအကြီးပိုင်းတွေကို PDF တွေက အကုန်ဖမ်းခေါ်သွားတယ်လို့ ပြောတယ်။ ပြီးတော့ ဒီထဲမှာတော့ အလုပ်သမားတွေကတော့ တော်တော်များတယ်။ တရုတ်တွေကော အာဖရိကလူမျိုးတွေကော ထိုင်းတွေကော ပြီးရင် နိုင်ငံခြားသားတွေကော အများကြီးပဲ။ မခန့်မှန်းတတ်ဘူး။ တော်တော်တော့ များတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီက အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုတွေကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင် ချုပ်ငြိမ်းသွားအောင် အမြစ်ပြတ်ချေမှုန်းသုတ်သင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ 

အခုလို ပြောဆိုပြီးနောက်ပိုင်း နိုဝင်ဘာ ၁၉ ရက် မနက်က ဖလူးကျေးရွာမှာ ကျားဖြန့် လုပ်ကိုင်နေတဲ့ တရုတ်တွေ၊ အရေးပါတဲ့သူတွေနဲ့ အလုပ်သမားတွေကို  မင်းလက်ပံ ကျားဖြန့်ရုံကို ပြောင်းရွှေ့ခဲ့ပါတယ်။ 

မင်းလက်ပံ ကျားဖြန့်ရုံကနေ အီသီးယိုးပီယား၊ ရဝမ်ဒါ၊ အီဂျစ်၊ ဖီလစ်ပိုင်၊ တရုတ်၊ မလေးရှား၊ ထိုင်း၊ ဘင်္ဂလာဒေ့ရှ်၊ ထိုင်ဝမ်၊ ဟောင်ကောင် စတဲ့နိုင်ငံက အလုပ်သမား ၇၀၀ ကျော်ကို တွေ့ရှိခဲ့ပါတယ်။ 

ဒါကြောင့် DKBA က လုံခြုံရေးယူပေးထားပြီး နိုင်ငံတကာလိမ်လည်မှုတွေ လုပ်ဆောင်နေတဲ့ မင်းလက်ပံ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းကို ထိရောက်စွာနှိမ်နင်းနိုင်ဖို့ နိုင်ငံတကာရဲ့ အရေးပေါ် ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းက “သူတို့နိုင်ငံက ဘယ်ကလဲဆိုတာ ရှိသေးတာကို စစ်ပြီးမှ ထိုင်းကို ပြန်လွှတ်ရမယ်လေ။ ထိုင်းကနေ ခေါ်မှ ထိုင်းကနေ သွားလို့ရမှာ။  ကျနော်တို့ဆီမှာ လေယာဉ်ပျံမှ မရှိပဲဟာ။ အဲဒီလို ဒါက အဆင့်ဆင့်သွားရတယ်လေ။ သူတို့ကျတော့  တော်ရိလျော်ရိ ဖြစ်သလို လုပ်လို့မရဘူး။ ဖြစ်သလိုလုပ်ရင် ကျနော်တို့ပဲ နာမည်ပျက်မှာ အဲဒီလို။ အဆင့်ဆင့်လုပ်ရတယ်။  အခုက တပူပေါ် နှစ်ပူဆင့်”လို့ ပြောပါတယ်။

‌နိုဝင်ဘာ ၁၈ ရက်  ညနေပိုင်းက စစ်တပ်က အင်အားအလုံအရင်းနဲ့ ရွှေကုက္ကိုမြို့သစ်က ကျားဖြန့် အဆောက်အအုံတွေကို ဝင်ရောက်စီးနင်းခဲ့ရာ အလုပ်သမား ၁,၀၀၀ ကျော် ဖမ်းဆီးမိခဲ့တဲ့အပြင် ကွန်ပျူတာ ၃,၀၀၀ နီးပါးနဲ့ ဖုန်းအလုံး ၂၀,၀၀၀ ကျော် သိမ်းဆည်းရရှိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ ကွန်ပျူတာ၊  ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း  ဖျက်ဆီးပြခဲ့ပါတယ်။

ကျားဖြန့်ကနေ လွတ်မြောက်လာသူတယောက်က “အခုလိုမျိုး BGF နဲ့ စစ်ကောင်စီ ပူးပေါင်းလို့ ဒီလုပ်ငန်းတွေ လုံးဝပျောက်ပျက်သွားမှာ မဟုတ်ဘူးလို့တော့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်က လူပါနေတာကို BGF ကိုယ်တိုင်က ကာကွယ်ပေးထားတယ်။ ပြီးတော့ စစ်ကောင်စီကလည်း  BGF နဲ့ လက်ဝါးချင်းရိုက်ထားပြီတော့ သူ မွေးထားတဲ့  အိမ်ကြက်ပဲလေ။ ကျနော် ရောက်တဲ့အချိန်မှာ သူတို့ရဲ့ အဆောက်အအုံတွေ သူတို့ရဲ့ ပတ်ဝန်းကျင်တွေက Backup Plan မျိုးတွေ လုပ်ထားတာ အများကြီး ရှိနေတာမျိုးတွေ ကျနော်အနေနဲ့ တွေ့ခဲ့ရတယ်။ မြင်ခဲ့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း KNLA ပူးပေါင်းတပ်ကို DKBA ဘက်က ပစ်ခတ်ရာမှာ တာဝန်ရှိသူ အမှတ် ၉၀၅ တပ်ရင်း၊ ဒုတပ်ရင်းမှူး ဗိုလ်မှူးသခွားသီးကို နိုဝင်ဘာ ၂၄ ရက်က  DKBA က ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ 

လက်ရှိမှာလည်း ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် သောင်းရင်းမြစ်ကမ်းတလျှောက်က နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မယ်ထော်သလေး၊ အင်ကြင်းမိုင်၊  ဧက ၁၀၀၊  ရွှေပိတောင်မြိုင်၊ ကျောက်ခက်၊ AA ဆိုက်ဒ်၊ ဝမ်ခ၊ ဖလူး စတဲ့ မြေနေရာတွေမှာ တရုတ်နိုင်ငံသားတွေက ရင်းနှီးမြှုပ်နှံပြီး ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်နေပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013