DVB Logo
Home
မြန်မာသတင်း
ဂွမြို့နယ် ကန်ပေါက်ကျေးရွာ နေရာသစ်ပြောင်းရမည့်အရေး ဒေသခံများ စိုးရိမ်
DVB
·
December 11, 2014
ဂွမြို့နယ် ကန်ပေါက်ကျေးရွာ နေရာသစ်ပြောင်းရမည့်အရေး ဒေသခံများ စိုးရိမ်
Donate to DVB

ရခိုင်ပြည်နယ် ဂွမြို့နယ်ထဲက ကန်ပေါက်ကျေးရွာကို လက်ရှိနေရာကနေ နေရာသစ်ကို ပြောင်းရွှေ့မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

village moveပင်လယ်ကမ်းခြေမှာ ရှိတဲ့ ဂွမြို့နယ်ထဲက ကန်ပေါက်ကျေးရွာနေပြည်သူတွေဟာ တံငါ လုပ်ငန်းကိုပဲ မှီခိုအားထားနေရတဲ့ ပြည်သူတွေ ဖြစ်ပြီး လက်ရှိရွာကနေ ပင်လယ်ထွက်ပေါက် မရှိတဲ့နေရာကို ပြောင်းမယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ကန်ပေါက်ကျေးရွာသူ မမြင့်သူဇာက “စိုးရိမ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်နေရာ ကနေ ဟိုနေရာကို ပြောင်းသွားမယ်ဆိုရင် စားဝတ်နေရေးပေါ့။ နေရ စားရတာ အဆင်မပြေဘူး ဖြစ်မယ်။ ဒီနေရာမှာက ဘိုးစဉ်ဘောင်ဆက်ကတည်းက နေလာခဲ့တယ်ဆိုတော့ ဒီနေရာမှာ အခြေတကျ လုပ်ကိုင်ပြီးတော့ လုပ်စားတတ်တယ်ပေါ့။ သူများနယ်ရောက်သွားလို့ရှိရင် ဟိုတနေရာကို အလှမ်းဝေးသွားလို့ ရှိရင် ပင်လယ်ပြင်များကိုပဲ ကိုယ်က မှီခိုစားရတာလေ။ တနေရာကို ရောက်သွားရင် ပင်လယ်ပြင်များနဲ့ ဝေးကွာသွားမယ်”လို့ ပြောပါတယ်။

ကန်ပေါက်ကျေးရွာ ကမ်းခြေက မြေဧက ၄၀ လောက်ကို ရွာကနေ ပြောင်းရွှေ့သွားတဲ့သူ ၁၀ ဦးက ရောင်းစားခဲ့ပြီး ဝယ်ထားတဲ့ ပိုင်ရှင်အနေနဲ့ အဲဒီနေရာမှာ အပန်းဖြေစခန်း တည်ဆောက်လိုတာကြောင့် ရွာမှာ ကျန်တဲ့ ဒေသခံ ၄၀ ပိုင်မြေတွေကို ထပ်လိုချင်နေတာ ဖြစ်ပါတယ်။

ကန်ပေါက်ကျေးရွာသား ဦးသောင်းမြင့်က “အခက်အခဲကတော့ တခြားမဟုတ်ဘူး။ ရွာအသစ် ပြန်တည်ပေးမယ်။ ပင်လယ်ထွက်ပေါက်နဲ့ မဝေးနဲ့ ဒီရွာရဲ့ နောက်ကျောမှာ ရွာဟောင်းမှာ ချပေးမယ်လို့ ပြောတာ ရှိတယ်။ သူတို့က ဒီရွာကို ရွာပျက်လို့ ရွာပျက်စာရင်း ချလိုက်ပြီးတော့ ပြောင်းခိုင်းတဲ့ရွာက  ၁ မိုင်လောက် ဝေးတယ်။ အခက်အခဲက အခု ကျနော်တို့ လက်ရှိရွာက ပင်လယ်ရေလုပ်သားတွေဖြစ်တယ်။ ရေလုပ်ငန်းကို မှီခိုပြီး စားသောက်ရတဲ့ ရွာဖြစ်တယ်။ အဲ့ဒါကြောင့် ကျနော်တို့ ပင်လယ်ထွက်ပေါက်နဲ့ ဝေးတဲ့ရွာမှာ မနေနိုင်ဘူး” လို့ ဆိုပါတယ်။

အခုလို ရွာပြောင်းရမဲ့ အခြေအနေတွေကြောင့် ကျေးရွာကျောင်းပြင်ဆင်ရေးနဲ့ စွမ်းရည်လို့ ခေါ်တဲ့ ဒေသခံတွေရဲ့ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့က ထောက်ပံ့မယ့် ငွေကြေးတွေတောင် ဆုံးရှုံးနေရတယ်လို့ ဦးဆောင်လှုပ်ရှားနေသူတွေက ပြောပါတယ်။

ကန်ပေါက်ကျေးရွာသား ဦးသောင်းမြင့်က “သူတို့က ရွာပျက်စာရင်းဆိုပြီးတော့ စာရင်း ချလိုက်ပြီးတော့ ၂၁၆ သိန်းတန် စာသင်ကျောင်းလည်း မရ။ စွမ်းရည်က ပေးတဲ့ ၄၆ ကိုလည်း မရ။ နောက်ဆုံး ဖွံ့ဖြိုးရေးအနေနဲ့ ပေးတဲ့ ရေတွင်းနဲ့ ရေကန်က အစမရ။ ရွာပျက်စာရင်း ဆိုပြီးတော့” လို့ ပြောပါတယ်။

ရွာပျက်စာရင်း သွင်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဂွမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းတဲ့အခါ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းထဲမှာ ကန်ပေါက်ကျေးရွာဟာ ဒီကနေ့အထိ ရှိနေပြီး ရွာပျက်စာရင်း တင်တဲ့စာလည်း တစောင်မှ မရှိသေးဘူးလို့ ပြန်လည်းဖြေကြားခဲ့ပါတယ်။

ဒီကန်ပေါက်ရွာမှာ အစိုးရရဲ့ တရားဝင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေ တည်ရှိနေတဲ့ရွာတရွာ ဖြစ်ပါတယ်။

ကန်ပေါက်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ဒေသခံ ခေါင်းဆောင်တွေကို ခေါ်ယူတွေ့ဆုံတဲ့အခါ ဒီနေရာမှာ ရွာတည် အခြေချဖို့ရာအတွက် မဖြစ်နိုင်ဘဲ သဘာဝဘေးအန္တရာယ်နဲ့ နီးစပ်တယ်လို့ ပြောလိုက်တာကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ ရွာပြောင်းရမှာကို စိုးရိမ်နေကြတယ်လို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံရာမှာ  ပါဝင်ခဲ့တဲ့ ကိုသောင်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013