DVB Logo
Home
နိုင်ငံတကာ
ထိုင်းနိုင်ငံ ဆုန်ခလာခရိုင်တွင် လူပေါင်း ၆ သိန်းကျော် ရေဘေးသင့်၊ သဘာဝဘေးသင့်ဇုန် ကြေညာ
DVB
·
November 24, 2025
ထိုင်းနိုင်ငံ ဆုန်ခလာခရိုင်တွင် လူပေါင်း ၆ သိန်းကျော် ရေဘေးသင့်၊ သဘာဝဘေးသင့်ဇုန် ကြေညာ
Donate to DVB

ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်ထဲမှာ အခါမဲ့ မိုးသည်းထန်စွာ ရွာသွန်းပြီး ခရိုင်ရှိ မြစ်ရေ ချောင်းရေ လျှံကြတာကြောင့် ရေကြီးတဲ့ဒဏ် ဆိုးရွားစွာခံနေကြရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

နိုဝင်ဘာ ၂၀ ရက်ကစ ၂၃ ရက်ထိ ကောက်ခံရရှိတဲ့ စာရင်းတွေအရ ဆုန်ခလာခရိုင် ၁၆ မြို့နယ်တွင်း ရေကြီး‌ရေလျှံမှုကြောင့် ၁၁၅ အုပ်စု၊  ရပ်/ကျေးပေါင်း ၈၂၁ ခုမှ အိမ်ထောင်စုပေါင်း   ၂၄၃,၅၆၈  စု၊ လူဦးရေ ၆၃၅,၄၂၃ ဦး ရေဘေးသင့်ခဲ့ပြီး လူပေါင်း ၁၂၂၄ ဦး ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်၊ ရေဘေးသင့်ပြည်သူတယောက် သေဆုံးခဲ့တယ်လို့ ဆုန်ခလာခရိုင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ကူညီကယ်ဆယ်ရေးဦးစီးဌာနက နိုဝင်ဘာ ၂၄ ရက် (ဒီနေ့) ထုတ်ပြန်ပါတယ်။ 

ထိုင်းတောင်ပိုင်းတခုလုံးအနေနဲ့တော့ ဆုန်ခလာခရိုင်အပြင် စူရတ်ဌာနီ၊ ကရပီ၊ နာရာသီဝပ်၊ တရန်း၊ ဖတ်ထလုန်း၊ ဆဒွန်း၊ ပတ္တနီ၊ ယာ့လား၊ နခွန်းဆီထမရတ် စတဲ့ ခရိုင် ၁၀  ခုမှာ ရေကြီးနေပြီး ၉၂ မြို့နယ် ၅၈၁ အုပ်စု  ရပ်ကွက်နဲ့ ကျေးရွာ ၄၁၄၆ မှ အိမ်ထောင်စု ၇၁၉, ၈၅၈၊ လူပေါင်း ၁,၉၁၇, ၅၂၁ ယောက် ရေဘေးသင့်နေတယ်လို့ ဆိုပါတယ်။ 

ဆုန်ခလာခရိုင်အနေနဲ့  ၂၅ နှစ်အတွင်း  ရေကြီးမှုဒဏ်အဆိုးရွားဆုံးခံရတာ ဖြစ်ပြီး  ရေဘေးသင့် ၁၆ မြို့နယ်ကို သဘာဝဘေးအန္တရာယ်သင့်ဇုန်အဖြစ် ကြေညာကာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်ဖို့ ဆုန်ခလာခရိုင်ဝန် နိုင်းနာ့သ်ဆန် ချစ်ချူးက  ဒီနေ့မနက် ကျင်းပတဲ့ ရေကြီး မြေပြို သဘာဝဘေးအန္တရာယ် ကွပ်ကဲကာကွယ်ရေးအစည်းအဝေးမှာ ပြောပါတယ်။ 

မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းတာကြောင့် ဆဒေါဝ်းချောင်းနဲ့ အူတဖောင်း ချောင်းရေတွေ လူနေရပ်ကွက်ထဲ လျှံကျလာတယ်၊ အချို့ရပ်ကွက်မှာ ရေဟာ တထပ်အိမ်တွေရဲ့ တံစက်မြိတ်ထိ၊ မျက်နှာကြက်ထိအောင် တက်လာသလို နှစ်ထပ်အိမ်တွေကျတော့လည်း အောက်ထပ်လုံးလုံး ရေပြည့်သွားတယ်၊ နိုဝင်ဘာ ၂၃ ရက် ည ၁၁ နာရီလောက်မှာ ရုတ်တရက် ရေကြီးလာတာကြောင့် တိမ်းရှောင်ဖို့၊ ပစ္စည်းရွှေ့ဖို့ အချိန်မရလိုက်ဘူးလို့ ဆုန်ခလာမြို့ ရေဘေးသင့်ပြည်သူအချို့က ပြောပါတယ်။ 

ဆိုင်ကယ်နဲ့ ကားပါကင်တွေမှာလည်း ရေတွေပြည့်နေလို့ ဘယ်ကိုမှ  ထွက်ပြေးတိမ်းရှောင်လို့ မရ၊ တချို့ ဆိုင်ကယ်တွေက ရေစီးနဲ့အတူ မျောပါသွားတယ်၊ လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းလည်း ပြတ်တောက်နေတာကြောင့် တချို့မှာ ဖုန်းနဲ့ အင်တာနက်ကနေ အကူအညီမတောင်းနိုင်ဘဲ အသံကုန် အော်ဟစ်အကူအညီတောင်းနေရတယ်လို့ ဆိုပါတယ်။ 

ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ဆေးရုံမှ အတွင်းလူနာတွေ၊ ရပ်ကွက်ထဲမှာ မထနိုင်တဲ့ လူနာ၊ သက်ကြီးဘိုးဘွားနဲ့ ကလေးသူငယ်တွေကို ဦးစားပေးပြီး ဘေးလွတ်ရာကို ရွှေ့ ပြောင်းပေးနေတယ်၊  ရေကြီးနေစဉ် ကလေးမွေးလိုက်တဲ့ ကိုယ်ဝန်ဆောင်လည်း ရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဆုန်ခလာခရိုင်မှာ နိုဝင်ဘာ ၂၅ ရက် မနက် ၆ နာရီထိ မိုးရွာနေဦးမှာဖြစ်ပြီး ရေအမြင့် ၁ ဒသမ ၂၅ မီတာမှ ၁ ဒသမ ၄၅ မီတာထိ မြင့်တက်လာနိုင်တာကြောင့် မြို့နေလူတွေ သတိထားဖို့  အချက်ပေးကိရိယာကနေ ကြေညာထားပါတယ်။ 

Source:  ThaiPBS / TNNThailand News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013