
အခုနှစ်အတွက် ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ “Victory Day” အခမ်းအနားကို ရုရှားမြို့တော် မော်စကိုမှာ အတိုင်းအတာတခုအထိ လျှော့ချပြီး ကျင်းပသွားမယ်လို့ ကရင်မလင်နန်းတော်က အတည်ပြုပါတယ်။
ယူကရိန်းဘက်က အကြမ်းဖက်ခြိမ်းခြောက်တာမျိုးရှိနေပေမဲ့လည်း ဒီစစ်ရေးပြအခမ်းအနားကို ရင်ပြင်နီမှာသာ ဆက်လက်ကျင်းပသွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒါကြောင့် မေ ၉ ရက် အခမ်းအနားမှာ “အန္တရာယ်ကို အနည်းဆုံးဖြစ်အောင် လိုအပ်တဲ့အစီအမံအားလုံး လုပ်ဆောင်နေပါတယ်”လို့ ဆိုပြီး ရုရှားသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီပက်စ်ကော့ဗ်က မှတ်ချက်ပေးပါတယ်။
ဒါဟာ ယူကရိန်းအပေါ် ကျူးကျော်မှု စတင်ပြီးနောက်ပိုင်း ရုရှားရဲ့ သံချပ်ကာ-ကားတန်းတွေ မပါဝင်ဘဲ ပထမဆုံးအကြိမ် လှည့်လည်ချီတက်ကြမှာ ဖြစ်ပါတယ်။
လက်ရှိ စစ်ဆင်ရေးအခြေအနေနဲ့ ယူကရိန်းရဲ့ တိုက်ခိုက်နိုင်ခြေကြောင့် ရုရှားစစ်တပ်က စစ်ဘက်သုံးယာဉ်တွေနဲ့ ဗိုလ်လောင်းတွေကိုပါ ပါဝင်ခွင့်ပြုမှာ မဟုတ်ပါဘူး။
၁၉၄၅ ခုနှစ်တုန်းက နာဇီဂျာမနီကို ဆိုဗီယက်တပ်တွေ အနိုင်ရခဲ့တဲ့ အထိမ်းအမှတ် အခမ်းအနားအတွက် ပြီးခဲ့တဲ့နှစ်မှာဆိုရင် ကမ္ဘာ့ခေါင်းဆောင် အယောက် ၂၀ ကျော် တက်ရောက်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၀၈ ခုနှစ်က စပြီး လက်နက်ကြီးတွေနဲ့ စစ်ရေးပြလေ့ရှိတဲ့ ဆိုဗီယက်ခေတ် အစဉ်အလာကို ရုရှားသမ္မတ ဗလာဒီမာပူတင် ကိုယ်တိုင် ပြန်အသက်သွင်းခဲ့ပါတယ်။
လောလောဆယ် ယူကရိန်းအနေနဲ့ လူသိရှင်ကြား မှတ်ချက်ပေးတာမျိုး မရှိသေးပေမဲ့ သမ္မတရုံးအကြံပေး မိုင်ခိုင်လို ပေါ်ဒိုလီယက်ခ်ကတော့ “အရပ်သားတွေနဲ့ အရပ်ဘက်အခြေခံ အဆောက်အအုံတွေကို ဘယ်သူမှ တိုက်ခိုက်နေတာမျိုး မရှိပါဘူး”လို့ တုံ့ပြန်ထားပါတယ်။
မကြာသေးတဲ့ကာလအတွင်း ရုရှားနိုင်ငံအတွက် လုံခြုံရေးအကောင်းဆုံး မော်စကိုမြို့မှာတောင် ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ အကြိမ်ကြိမ် ကြုံတွေ့ရလေ့ ရှိပါတယ်။
အလားတူ ယူကရိန်းဟာ ရုရှားအတွင်းပိုင်းက အရေးပါတဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုကိုပါ သိသိသာသာ အရှိန်မြှင့်လာခဲ့ပါတယ်။
အဲဒီစက်ရုံတွေဟာ မော်စကိုရဲ့ ကျူးကျော်စစ် အသက်ဆက်နိုင်အောင် ထောက်ပံ့ပေးနေတဲ့ အတွက် တရားဝင်ပစ်မှတ်တွေ ဖြစ်တယ်ဆိုပြီး ကိယက်ဗ်ဘက်က ရှုမြင်ထားပါတယ်။
ရုရှားမြို့ တူးအာ့ပ်စ်မှာရှိတဲ့ ရေနံချက်စက်ရုံကြီးဆိုရင် တလအတွင်း ၃ ကြိမ်တိုင်တိုင် တိုက်ခိုက်ခံခဲ့ရတဲ့အလျောက် ပင်လယ်ထဲ ရေနံတွေ ယိုဖိတ်တာ၊ အနက်ရောင် မိုးသားတွေ ရွာသွန်းတာနဲ့ ဆီအကြွင်းအကျန်တွေ နေရာတိုင်းမှာ ကျန်ရစ်နေခဲ့ကြောင်း သိရပါတယ်။










