DVB Logo
Home
နိုင်ငံတကာ
ထိုင်းအစားအစာ ကမ္ဘာ့ နံပါတ် ၁ နေရာတွင် ရပ်တည်
DVB
·
November 21, 2025
ထိုင်းအစားအစာ ကမ္ဘာ့ နံပါတ် ၁ နေရာတွင် ရပ်တည်
Donate to DVB

ထိုင်းအစားအစာတွေက ခရီးသွားတွေကြား ကမ္ဘာ့နိုင်ငံတွေထဲ နံပါတ် ၁ အစားအစာအဖြစ် ရပ်တည်နေတယ်လို့ The Nation Thailand သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အမေရိကန်အခြေစိုက် နာမည်ဂုဏ်သတင်းကျော်စောတဲ့ ခရီးသွားမဂ္ဂဇင်းတစောင်ဖြစ်တဲ့ Condé Nast Traveller က သူတို့ရဲ့ နှစ်ပတ်လည်အဖြစ် စာဖတ်သူအကြိုက် ထိပ်တန်းအစားအစာ ၁၀ ခုစာရင်းမှာ ခုလို ရွေးချယ်ဖော်ပြလိုက်တာဖြစ်ပြီးတော့ ထိုင်းနိုင်ငံက ရမှတ်ပေါင်း ၁၀၀ မှာ ၉၈ ဒသမ ၃၃ ရာခိုင်နှုန်း ရရှိခဲ့တာပါ။

CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ မြို့တော် ဘန်ကောက်ရဲ့ စားသောက်ဆိုင် ၇ ဆိုင်က ကမ္ဘာ့ထိပ်တန်းစားသောက်ဆိုင် ၃၅ ဆိုင်ထဲ ပါဝင်ခဲ့ပြီး နိုင်ငံတကာမျက်နှာစာမှာ ထိုင်းနိုင်ငံရဲ့ အစားအသောက်ဆိုင်ရာ သြဇာလွှမ်းမိုးမှုကို မြှင့်တင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီလိုရလဒ်တွေ ရရှိလာတာဟာ အဆင့်မြင့်စားသောက်ဆိုင်တွေချည်းကြောင့်သာ မဟုတ်ဘဲ ထိုင်းနာမည်ကြီး လမ်းဘေးအစားအစာတွေ၊ ပူပူနွေးနွေး ဖတ်ထိုင်းလို အရသာရှိတဲ့ အစားအစာတွေ၊ ရနံ့မွှေးတဲ့ စားချင်စဖွယ် ပုဇွန်တုံယမ်းဟင်းရည်မှသည် အရသာရှိတဲ့ အစိမ်းရောင်ဟင်းနဲ့ သရက်သီးနဲ့ ကောက်ညှင်းလို အထင်ကရ အစားအစာတွေအထိ ကမ္ဘာတဝန်းက အစားအသောက်ဝါသနာရှင်တွေကို နှစ်သက်သဘောကျစေခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ လမ်းဘေးဆိုင်တဆိုင်က ခေါက်ဆွဲတပန်းကန်ဖြစ်စေ၊ ဒါမှမဟုတ် မီချယ်လင်းကြယ်ပွင့်ရ စားသောက်ဆိုင်မှာ ကျွေးမွေးတဲ့ ဟင်းလျာတခုဖြစ်စေ ထိုင်းအစားအစာတွေဟာ ကြာရှည်ခံတဲ့ အထင်ကြီးမှုကို ချန်ထားရစ်ခဲ့စေတာ အမှန်ပဲဖြစ်တယ်လို့ ဖော်ပြပါတယ်။

Condé Nast Traveller မဂ္ဂဇင်းရဲ့ စာဖတ်သူတဦးကလည်း ထိုင်းအစားအစာတွေနဲ့ ပတ်သက်လို့ “အရသာအကြောင်းပဲ မဟုတ်ပါဘူး၊ အတွေ့အကြုံပါ။ လူတွေရဲ့ နွေးထွေးမှု၊ စည်ကားတဲ့ ညဈေးတွေ၊ ရနံ့တွေ - အားလုံးပေါင်းစပ်ထားတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မဂ္ဂဇင်းက ရွေးချယ်ထားတဲ့ ကမ္ဘာ့ထိပ်တန်းအစားအစာ ၁၀ နိုင်ငံ စာရင်းမှာတော့ အီတလီ အစားအစာတွေက ရမှတ် ၉၆ ဒသမ ၉၂ ရာခိုင်နှုန်းနဲ့ သူတို့ရဲ့ အထင်ကရ ပီဇာ၊ ပါစတာနဲ့ ဒေသအလိုက် အထူးစပါယ်ရှယ် အစားအစာတွေနဲ့ ဒုတိယနေရာကနေ ပါဝင်လာခဲ့တာပါ။

ဆူရှီ၊ တန်ပူရာ၊ ရာမန်ခေါက်ဆွဲလို နာမည်ကြီး အစားအစာတွေရဲ့ အရသာနဲ့ နူးညံ့သိမ်မွေ့တဲ့ ဟန်ချက်ညီမှုတွေ၊ နည်းပညာပိုင်းဆိုင်ရာ တိကျမှုတွေအတွက် ချီးကျူးခံရတဲ့ ဂျပန် အစားအစာတွေကတော့ ရမှတ် ၉၆ ဒသမ ၇၇ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရှိနေပြီး မြို့ တော် တိုကျိုက ကမ္ဘာပေါ်မှာ မီချယ်လင်းကြယ်ပွင့် အများဆုံးရရှိတဲ့ စားသောက်ဆိုင်တွေ ပိုင်ဆိုင်ထားပါတယ်။

စတုတ္ထနေရာမှာတော့ ရမှတ်ပေါင်း ၉၆ ဒသမ ၆၇ ရာခိုင်နှုန်းနဲ့ ဗီယက်နမ်အစားအစာတွေက ရပ်တည်နေပြီး သူတို့ရဲ့ နာမည်ကျော် ဖိုဗီယက်နမ်ခေါက်ဆွဲနဲ့အတူ လတ်ဆတ်တဲ့ ဆေးဖက်ဝင်အသီးအရွက်တွေနဲ့ ပြုလုပ်တဲ့ ဆန်ပြားလိပ်လို အစားအစာတွေနဲ့ ရပ် တည်ပါဝင်လာခဲ့ပါတယ်။

ဒီထိပ်တန်း ၁၀  နိုင်ငံအစားအစာ စာရင်းမှာ စပိန်နိုင်ငံက ပဉ္စမနေရာရှိနေပြီးတော့ သူ့နောက်မှာတော့ နယူးဇီလန်၊ သီရိလင်္ကာ၊ ဂရိ၊ တောင်အာဖရိက၊ ပီရူးနဲ့ မော်လ်ဒိုက်နိုင်ငံတွေက အသီးသီး ပါဝင်နေပါတယ်။

Source: Condé Nast Traveler

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013