DVB Logo
Home
နိုင်ငံတကာ
ကူးတို့သင်္ဘောပျက်ပေါ်က ကမ္ဘာလှည့်ခရီးသွား ၁၀၀ နီးပါးကို ထိုင်းရေတပ် ကယ်တင် 
DVB
·
November 21, 2025
ကူးတို့သင်္ဘောပျက်ပေါ်က ကမ္ဘာလှည့်ခရီးသွား ၁၀၀ နီးပါးကို ထိုင်းရေတပ် ကယ်တင် 
Donate to DVB

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တရတ်ခရိုင်ရှိ ပင်လယ်ပြင်ထဲမှာ နိုဝင်ဘာ ၂၀ ရက်က ကမ္ဘာလှည့်ခရီးသည်တွေ တင်ဆောင်လာတဲ့ သင်္ဘောတစီး ပျက်စီးနစ်မြုပ်ပြီး ခရီးသည် အယောက်  ၁၀၀ နီးပါးကို ထိုင်းတော်ဝင်ရေတပ်က ကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မနေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်အချိန် တရတ်မြို့နယ် ကော်ကွတ်ကျွန်းစုအနီးမှာ ဆေဒမ်ဂိုးလ် အမည်ရှိ ခရီးသည်တင် ကူးတို့သင်္ဘောတစီး ပျက်စီးနစ်မြှုပ်လုနီးပါး ဖြစ်နေကြောင်း အကြောင်းကြားချက်ရတာကြောင့် သွားရောက်ကူညီခဲ့တယ်လို့ ထိုင်းတော်ဝင်ရေတပ် ကျန်ထပူရီ- တရတ် ရေကြောင်းလုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

သင်္ဘောပျက်တဲ့နေရာမှာ ကော်ကွတ်ကျွန်းစုနဲ့ ရေလမ်း ၁၅ ကီလိုမီတာအကွာ၊ လဲမ်ဆုခ် ဆိပ်ခံတားနဲ့ ၁၀ ကီလိုမီတာအကွာမှာ တည်ရှိတယ်။

ခရီးသည် ၉၂ ယောက်၊ ဝန်ထမ်း ၅ ယောက်၊ စုစုပေါင်း လူ ၉၇ ယောက်ပါတဲ့ အဆိုပါသင်္ဘောဟာ ဆိပ်ခံတံတားကနေ မနက် ၁၀ နာရီ ၄၅ မိနစ်မှာ ထွက်ခွာသွားပြီး မိနစ် ၃၀ ခန့်အကြာ လေပြင်းတိုက်ဒဏ်၊ လှိုင်းပုတ်ဒဏ် ခံရတယ်၊ လှိုင်းလုံးတွေဟာ အမြင့် ၄-၅ မီတာခန့်ထိ တက်လာပြီး သင်္ဘောဝမ်းဗိုက် ကွဲအက်သွားတယ်၊ အဲဒီနောက် ရေတွေ တဖြည်းဖြည်း ဝင်ရောက်လာပြီး သင်္ဘောဟာလည်း ရေထဲ တဖြည်းဖြည်း နစ်နေတယ်၊ ခရီးသည်တွေအားလုံး ထိတ်လန့်နေပြီး တချို့က ငိုကြွေးကာ တချို့က မူးမေ့တယ်လို့  သင်္ဘောဝန်ထမ်းတယောက်က တာဝန်ရှိသူတွေကို ပြောပါတယ်။

ရေကြောင်းလုံခြုံရေး ကယ်ဆယ်ရေးသင်္ဘောတွေ ရောက်မလာခင် ငါးဖမ်းသင်္ဘောတစီး ရောက်လာပြီး ခရီးသည်တင်သင်္ဘော နစ်မြုပ်မသွားအောင် ဖေးမတွဲငင်ထားတယ်၊ အယောက်တိုင်း အသက်ကယ်ဝတ်စုံ ဝတ်ရတယ်၊ ကယ်ဆယ်ရေးသင်္ဘော ရောက်လာတော့ အားလုံးကို သင်္ဘောပြောင်းစီးစေပြီး ထိခိုက်ဒဏ်ရာရသူ တစုံတယောက်မှ မရှိဘဲ ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကော်ကွတ်ကျွန်းစုမှာ သန့်ရှင်းတဲ့ကမ်းခြေ၊ လှပတဲ့ သန္တာကျောက်တန်းတွေ ရှိပြီး  လည်ပတ်စရာကောင်းတဲ့ နေရာတခု ဖြစ်တယ်၊ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တင်းမာမှုတွေကြောင့် အစောပိုင်းက ခရီးသွားလုပ်ငန်းအတွက် စိုးရိမ်မှုတွေ ရှိခဲ့ပေမဲ့ လက်ရှိအခြေအနေ ပုံမှန်ရှိနေတယ်လို့ တရတ်ခရိုင် ဟိုတယ်နဲ့ အပန်းဖြေစခန်းအသင်း ဥက္ကဋ္ဌ ဖစ်ချယ တာချိုင်းအဒီးဆက်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီ ၂၀၂၅ ခုနှစ်တွင်း တရတ်ခရိုင်အနေနဲ့ ခရီးသွားဧည့်သည်ပေါင်း ၅၀၀,၀၀၀ ကို ကြိုဆိုမှာဖြစ်ပြီး အဲဒီကနေ ဝင်ငွေ သန်းပေါင်း ၁,၀၀၀ ကျော် ရမယ်လို့ ခန့်မှန်းတယ်၊ မနှစ် ၂၀၂၄ ကထက် ၁၅ မှ ၂၀ ရာခိုင်နှုန်း တိုးမြင့်လာမယ်လို့ ဥက္ကဋ္ဌ ဖစ်ချယက ပြောသွားပါတယ်။

Source: ThaiPBS / Khaosod / AmarinTV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013