
အရှေ့အာဖရိကရှိ မာဒါဂက်စကာကျွန်းနိုင်ငံမှာ ကီလိုဂရမ် ၃၀၀ အလေးချိန်ရှိတဲ့ ဧရာမ မြကျောက်တုံးကြီးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ စစ်ဘက်ခေါင်းဆောင်တွေက နိုဝင်ဘာ ၁၈ ရက်နေ့ အန်တာနာနာရီဗိုမြို့တော်ရှိ သမ္မတနန်းတော်မှာ ကြေညာပါတယ်။
မာဒါဂက်စကာသမ္မတ မိကယ်လ်ရန်ဒရီယာနီရီနာ က အစိုးရအရာရှိတွေဟာ အမ်ဘိုဟစ်ဆို ရိုဟီထာ နန်းတော်ကို ရောက်ရှိလာချိန်မှာ မြကျောက်ကြီးကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပေမဲ့ ဒီကျောက်ကြီး ဘယ်လိုရောက်လာခဲ့တယ်ဆိုတဲ့ အခြေအနေတွေကတော့ မရှင်းလင်းသေးပါဘူး။
သမ္မတ ရန်ဒရီယာနီရီနာက “ကျနော်တို့ဟာ လုံးဝပွင့်လင်းမြင်သာမှုနဲ့ လုပ်ဆောင်ဖို့ အသင့်ဖြစ်နေတယ်ဆိုတာကို ပြသဖို့ ဝမ်းမြောက်မိပါတယ်”လို့ ပြောကြားလိုက်ပြီး နိုင်ငံတော်ဘဏ္ဍာငွေ ပြန်လည်ဖြည့်တင်းဖို့အတွက် ဒီရတနာကြီးကို ရောင်းချနိုင်ကြောင်းလည်း ထပ်လောင်းပြော ပါတယ်။
အစိုးရဟာ ဒီရတနာတွေ့ရှိမှုကို အများပြည်သူကို ပွင့်လင်းမြင်သာစွာ စီမံခန့်ခွဲခြင်းကနေ ကြွယ်ဝမှုကိုကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဖြန့်ဝေဖို့နဲ့ အဂတိလိုက်စားမှုစွပ်စွဲချက်တွေကို ရှောင်ရှားဖို့ ရည်ရွယ်တာဖြစ်ပါတယ်လို့ သမ္မတရုံးရဲ့ အကြီးတန်းအကြံပေး ဗိုလ်မှူးကြီး လူစီယန် ဟာဘီယာရီ မာနာနာက ပြောပါတယ်။
သတ္တုအရင်းအမြစ်ဝန်ကြီးဌာနဟာ အများပြည်သူဘဏ္ဍာအတွက် ရှာဖွေတွေ့ရှိမှုကို ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းပညာဆိုင်ရာ ရှုထောင့်တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အရာရှိတွေက ပြောပါတယ်။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ တနိုင်ငံဖြစ်တဲ့ မာဒါဂက်စကာ နိုင်ငံဟာ အဖိုးတန် ကျောက်မျက်ရတနာတွေ အပါအဝင် သဘာဝအရင်းအမြစ်တွေ ကြွယ်ဝပေမဲ့ သတ္တုတွင်းကဏ္ဍကတော့ အုပ်ချုပ်မှုဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ကာလကြာရှည် ရင်ဆိုင်ခဲ့ရပါတယ်။
Source: Reuters











