DVB Logo
Home
ဆောင်းပါး
အီကောနောမစ် မဂ္ဂဇင်းက တရုတ်နှင့် ‘ဝ’ တပ်ဖွဲ့  ဆွေးနွေးပွဲမှတ်တမ်း ဖွင့်ချလိုက်ပြီ
DVB
·
November 20, 2025
အီကောနောမစ် မဂ္ဂဇင်းက တရုတ်နှင့် ‘ဝ’ တပ်ဖွဲ့  ဆွေးနွေးပွဲမှတ်တမ်း ဖွင့်ချလိုက်ပြီ
Donate to DVB

တရုတ်သည် မြန်မာအရေးတွင် ၎င်းတို့၏ အားပြင်းသော နိုင်ငံရေးလက်နက်ကို ထုတ်သုံးပြီး ၎င်းတို့အလိုကျဖြစ်ရန် အတင်းအကျပ် စီမံလာပြီဟု အစချီကာ  အီကောနောမစ် မဂ္ဂဇင်းက ယခုလို ဖွင့်ချ ရေးသားလာခဲ့သည်။

စစ်အာဏာသိမ်းမှု၏ ရလဒ်အဖြစ် မြန်မာတွင် ပြည်တွင်းစစ်ကြီးနှင့် ရင်ဆိုင်လာခဲ့ရသည်မှာ ၄ နှစ် ကျော်လာခဲ့ပြီ ဖြစ်သည်။ ထိုအချိန်မှစ၍ စစ်အုပ်စုကို တွန်းလှန်ရန် တော်လှန်ရေးအဖွဲ့ ရာနှင့်ချီ၍ ထွက်ပေါ်လာပြီး တခါတရံ အချင်းချင်း ပွတ်တိုက်မှုများ ရှိလာ၍ လက်ရှိတွင် အခြေအနေများက ရှုပ်ရှုပ်ထွေးထွေးနှင့် ရှေ့မတိုး နောက်မဆုတ် ဖြစ်လာနေသည်။

အနောက်အုပ်စုက ထို‌အရေးကို လက်ရှောင်နေကြဆဲ ဖြစ်သည်။ သို့သော် မြန်မာနှင့် ကီလိုမီတာ ၂,၀၀၀ ခန့် ထိစပ်နေသော တရုတ်ကတော့ ထိုသို့မဟုတ်၊ ၎င်းတို့၏ ကုမ္ပဏီများသည် မြန်မာ၏ မြေရှားသတ္တုများ ထုတ်ယူ‌ရန်၊ ဓာတ်ငွေ့နှင့် ရေနံများကို ဘင်္ဂလာပင်လယ်အော်မှ ယူနန်သို့ ပို့ဆောင်ပေးနေသည့် ပိုက်လိုင်းများ အစရှိသည့် လုပ်ငန်းများတွင် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံနေကြ၍ ထိုအကျိုးစီးပွားများ လုံခြုံစိတ်ချရရေးကို အာမခံနိုင်မည့် ရလဒ်မျိုး ပုံဖော်နိုင်ရန် ကြိုးပမ်းလာခြင်းလည်း ဖြစ်သည်။

တရုတ်တို့ မြန်မာအား မည်သို့မည်ပုံ ဩဇာလွှမ်းမိုးနိုင်အောင် လုပ်လာခဲ့ပုံကို မကြာမီက အီကောနောမစ်လက်သို့ ရောက်ရှိလာခဲ့သည့် အစည်းအဝေး မှတ်တမ်းများကို လေ့လာလျှင် နားလည် သဘောပေါက်နိုင်မည် ဖြစ်သည်။ တရုတ်သံတမန်များနှင့် ‘ဝ’ တပ် USWA အကြား ဆွေးနွေးခဲ့သည့် အစည်းအဝေးမှတ်တမ်းပင် ဖြစ်သည်။ ‘ဝ’ တို့ဘက်မှ ထိုမှတ်တမ်းကို မဟာမိတ် တော်လှန်ရေးအဖွဲ့များကို ဝေငှခဲ့ရာမှ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားပုံရသည်ဟု တရုတ်၊ မြန်မာ အရေး ကျွမ်းကျင်သူ ဂျေဆင်တာဝါက ထောက်ပြခဲ့သည်။

တရုတ်သံတမန်တို့ ပါဝင်သည့် ‌ဆွေးနွေးပွဲများတွင် ပြောဆိုခဲ့သည်များကို တလုံးမကျန် မှတ်တမ်းပြုစုထားခြင်းက အင်မတန် ရှားရှားပါးပါးဟု ဆိုရပေမည်။ ဂျေဆင်တာဝါ အပါအဝင် ကျွမ်းကျင်သူများက အစစ်အမှန် ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ‘ဝ’ အဖွဲ့ကမူ မှတ်ချက် တစုံတရာ မပေးခဲ့။ မြန်မာမီဒီယာများတွင် တွေ့ဆုံခဲ့မှုအကြောင်း ဖော်ပြထားပြီးဖြစ်၍ နှစ်ဖက်စလုံးက ငြင်းဆိုခဲ့ကြခြင်း မရှိပေ။

ထိုစာရွက်စာတမ်းများတွင် တရုတ်တို့၏ အကြမ်းတမ်းဆုံး သံခင်းတမန်ခင်းကို ရှင်းလင်း ထင်ရှားစွာ တွေ့လာရသည်။

ထိုအစည်းအဝေးသည် တိုင်းရင်းသားတော်လှန်ရေးတပ်များ ၁၀၂၇ ဟု အမည်ပေးထားသော စစ်ဆင်ရေးဖြင့် ရှမ်းမြောက်‌‌ဒေသတွင် အောင်ပွဲများ အလီလီ ရရှိလာနေချိန်ဖြစ်သည့် ၂၀၂၄ ဩဂုတ်လအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုစစ်ဆင်ရေးသည် ထူးထူးခြားခြား အကျအန ညှိနှိုင်းပြီး ထိထိရောက်ရောက် ဆင်နွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။ ထွက်ပေါ်လာသော အင်အားနှင့် နယ်မြေ အဆုံးအရှုံးများအတွက် တရုတ်တို့ အထိတ်တလန့် ဖြစ်လာခဲ့ကြသည်။

ပေါက်ကြားလာသော မှတ်တမ်းတွင် တရုတ်တို့ဘက်က ပြောဆို တုံ့ပြန်လာသည်များ အသေးစိတ် ပါရှိလာသည်။ တရုတ် အထူးသံတမန် တိန့်ရှီကျွင်းသည် ‘ဝ’  တို့အား MNDAA နှင့် ပူးပေါင်း ဆောင်ရွက်နေမှုများ ရပ်တန့်ရန် အမိန့်ပေးလာသည်။ MNDAA သည် အပြောတမျိုး အလုပ်တမျိုး လုပ်သည့် “two-faced” များ ဖြစ်သည်ဟု ပြောလာသည်။ MNDAA သည် မိမိတို့၏အမိန့်ကို နာခံချင်ဟန် ဆောင်နေပြီး “တဖက်တွင် သဘောကွဲလွဲစရာများ ဖန်တီးလာသည်” ဟု ဆိုသည်။ စစ်အုပ်စုထံမှ လားရှိုးကို သိမ်းယူခဲ့ခြင်းကြောင့် မိမိတို့၏ ကုန်သွယ်ရေးကို အနှောင့်အယှက် ဖြစ်အောင် လုပ်ခဲ့သည့်အတွက် မဖြစ်မနေ အပြစ်ပေး အရေးယူသွားမည်ဟုလည်း ပြောခဲ့သည်။

MNDAA သည် အမေရိကန်နှင့် အနောက်အုပ်စုက ထောက်ခံမှုပေးနေသည့် နိုင်ငံတွင်းက ဒီမိုကရေစီ လိုလားသော အုပ်စုများနှင့် မဟာမိတ် လုပ်နေပြီး “စစ်အုပ်စုကို ပြိုလဲရန် ဦးဆောင်ဦးရွက် ပြုနေသည်” ဟု စွပ်စွဲလာသည်။ လားရှိုးကို သိမ်းပိုက်လိုက်ခြင်းသည် အမေရိကန်နှင့် အနောက်အုပ်စု ပါဝင်ပတ်သက်လာအောင် နေရာထိုင်ခင်း ဖန်တီးပေးခြင်းဖြင့် နိုင်ငံအား မင်းမဲ့တိုင်းပြည်ပုံစံ ဖရိုဖရဲဖြစ်သွားအောင် လုပ်သလို ဖြစ်လာနေသည်ဟု အကြောင်းပြလာခဲ့သည်။

MNDAA လုပ်ရပ်များအတွက် ၎င်းတို့ကို “ဖြတ်ငါးဖြတ်” ဖြင့် ပြစ်ဒဏ်ခတ်နေပြီဟု တိန့်ရှီကျွင်းက ဆိုသည်။ ဖြတ်ငါးဖြတ် ဆိုသည်က မီး၊ ရေ၊ အင်တာနက်၊ လူအဝင်အထွက်နှင့် ကုန်စည်စီးဆင်းမှုများ ဖြတ်တောက်ပစ်ခြင်း ဖြစ်သည်။ (မြန်မာပြည်တွင်းစစ်တွင် ပတ်သက်နေသူများသည် အတိုင်းအတာ တခုထိ တရုတ်နှင့် ကုန်သွယ်ရေးတွင် ပတ်သက်နေကြသည်)။ တိန့်ရှီကျွင်းက MNDAA ခေါင်းဆောင်များကို အရေးယူဖို့ ရှိနေသည်ဟု သတိပေးခဲ့ပြန်သည်။ ‘ဝ’  တပ်ဖွဲ့ကလည်း MNDAA ကို ဆက်ကူညီနေမည်ဆိုက ထိုကဲ့သို့ အရေးယူခံရမည်ဟု ပြောလာပြန်သည်။

နောက်ပိုင်းတွင် ဖြစ်ပျက်လာမှုများကို ကြည့်ခြင်းဖြင့် တရုတ်၏ ပြင်းထန်သော ဖိအားပေးမှု နည်းလမ်းများ အောင်မြင်ခဲ့သည်ကို တွေ့လာရသည်။ တိန့်ရှီကျွင်း ပြောပြီး မကြာမီမှာပင် MNDAA ခေါင်းဆောင် ပန်းဒါရင်သည် တရုတ်သို့ ရောက်ရှိနေစဉ်အတွင်း အထိန်းသိမ်းခံခဲ့ရသည်။

MNDAA သည် စစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် တိန့်ရှီကျွင်း ပြန်ပေါ်လာသည်။ “နှစ်ဖက်စလုံးက ထိုသို့ ရလဒ်ကောင်းများ ထွက်ပေါ်လာအောင် စီစဉ်ပေးခဲ့သည့် အတွက်” ကျေးဇူးဥပကာရ တင်နေကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလာပြန်သည်။ ယင်းနှင့်အတူ MNDAA လည်း လားရှိုး အပါအဝင် သိမ်းပိုက်ထားသော နယ်မြေအချို့တဝက်မှ ပြန်ဆုတ်ပေးခဲ့ရသည်။

ယခုအခါ MNDAA သည် ၎င်းတို့နယ်မြေများကို ဖွံ့ဖြိုးအောင် လုပ်ဖို့သာ အာရုံစိုက်နေသည်။ လောက်ကိုင်တွင် အနည်းဆုံး ယွမ် ၅ သိန်း (ဒေါ်လာ ၇၀,၀၀၀) ရင်းနှီးမြှုပ်နှံမည့် တရုတ်နိုင်ငံသားများကို အမြဲတမ်းနေထိုင်ခွင့် ပေးမည်ဟု ကမ်းလှမ်းလာသည်။ ဤသည်ကလည်း တရုတ်နိုင်ငံသားများနှင့် ဒွေးရောယှက်တင် ဖြစ်လာက စစ်အုပ်စု၏ ဗုံးကြဲတိုက်ခိုက်မည့်ရန်မှ ဟန့်တားနိုင်မည်ဟု ယုံကြည်ထား၍ ဖြစ်သည်။

‘ဝ’  တို့ကလည်း တရုတ်တို့၏ မက်ဆေ့ခ်ျကို ကောင်းစွာ သဘောပေါက်ထားပုံရှိပြီး တရုတ်တို့ လက်တုံ့ပြန်လာမည်ကို ကြောက်ပြီး MNDAA အား နောက်ထပ် ပံ့ပိုးမှုများ လုပ်တော့မည် မဟုတ်ဟု ဆိုရှယ်မီဒီယာမှ ကြေညာလာခဲ့သည်။

တရုတ်သည် စစ်အုပ်စု၏ ရန်သူများကိုသာ ပစ်မှတ်ထားပြီး ဝင်ရောက်စွက်ဖက်ခဲ့သည်သာမက ယခင်က နယ်ခြားစောင့်တပ်များအားလည်း ကျားဖြန့်ဂိုဏ်းများကို အရေးယူရန် ပျက်ကွက်ခဲ့သည့် အတွက် အလားတူ အပြစ်ဒဏ်မျိုး ချမှတ် အရေးယူခဲ့ပြီး ဖြစ်သည်။

ဤသည်ကို ကြည့်၍ အကြမ်းဖျင်း ပြော၍ရသည်က တရုတ်သည် မြန်မာနိုင်ငံအတွင်း မည်သူက မည်သည့်နယ်မြေများကို ထိန်းချုပ်ထားသည် ဆိုသည်ထက် ၎င်းတို့၏ နယ်စပ်ဒေသ တည်ငြိမ်ဖို့နှင့် ကုန်သွယ်ရေး စီးဆင်းနေဖို့ကိုသာ ပိုပြီး စိတ်ဝင်စားနေသည်ဟု ပြော၍ရပေသည်။

သို့သော် ၎င်းတို့၏လုပ်ရပ်များသည် ပဋိပက္ခ၏ လမ်းကြောင်းကို ပြောင်းလဲသွားစေခဲ့သော်လည်း ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးကို မဖြစ်မနေ အလျင်အမြန် ပေါ်ပေါက်စေမည့်ပုံစံမျိုးတော့ မဟုတ်ဟု နိုင်ငံတကာ သိစေရန် ဖွင့်ချ ရေးသားခဲ့သည်။

တရုတ်သည် (၁) ၎င်းတို့၏ စီမံကိန်းများ အမြန်အကောင်အထည်ဖော်ပေးရန်၊ (၂)  ထိုလုပ်ငန်းများအား ကာကွယ်ပေးရန် ၎င်းတို့၏ လက်နက်ကိုင်များ ဝင်ရောက်ခွင့်ပြုရန်၊ (၃) နိုင်ငံတွင်း လာရောက်လုပ်ကိုင်နေသော တရုတ်နိုင်ငံသားများ လုံခြုံရေးအတွက် အကာအကွယ်ပေးရန်ဟု ဗြောင်ကျကျ တောင်းဆိုလာမှုသည် မြန်မာတို့၏ အချုပ်အခြာ အာဏာကို မည်မျှအထိ မခန့်လေးစား သဘောထားကြောင်း ပေါ်လွင်လျက်ရှိသည်။

မင်းအောင်လှိုင် ကတော့ စီမံကိန်းများ အကောင်အထည်ဖော်ရန် ၎င်းကိုယ်တိုင် ဦးဆောင်ပြီး ဖွဲ့စည်းပေးလိုက်ရပြီ ဖြစ်သည်။

ပြည်သူတို့၏ တရားသောစစ် မုချ အောင်ရမည်!!!

လှစိုးဝေ

(၂၀၂၅ နိုဝင်ဘာ ၆ ရက်နေ့ အီကောနောမစ် မဂ္ဂဇင်းပါ “What a leaked transcript reveals about China’s muscular statecraft” သတင်းဆောင်းပါးကို ပြန်လည်တင်ပြသည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013