DVB Logo
Home
အားကစား
သမိုင်းတလျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရ အသေးငယ်ဆုံးကျွန်းနိုင်ငံလေး ကူရာဆော 
DVB
·
November 19, 2025
သမိုင်းတလျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရ အသေးငယ်ဆုံးကျွန်းနိုင်ငံလေး ကူရာဆော 
Donate to DVB

ကာရေဘီယံ ကျွန်းနိုင်ငံငယ်လေးဖြစ်တဲ့ ကူရာဆောနိုင်ငံဟာ နိုဝင်ဘာ ၁၉ ရက် ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစစ်ပွဲစဉ်မှာ ဂျမေကာနဲ့ သရေကျပြီးနောက် ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲကို ဝင်ခွင့်ရတဲ့ သမိုင်းတလျှောက် အသေးငယ်ဆုံးနိုင်ငံ ဖြစ်လာပါတယ်။

နည်းပြ ဒစ်ခ်အက်ဗိုကက်ရဲ့ ဦးဆောင်မှုနဲ့ နယ်သာလန်မှာမွေးဖွားတဲ့ ကစားသမားအများစု ပါဝင်တဲ့ ကူရာဆော အသင်းဟာ ဒီနေ့မနက် အင်္ဂလန်နည်းပြ စတိဗ် မက်ကလာရင်ရဲ့ ဂျမေကာအသင်းနဲ့ ဂိုးမရှိ သရေကျပြီးနောက် သမိုင်းဝင်အောင်မြင်မှု ရရှိခဲ့တာပါ။

ဒီစံချိန်ကို ၂၀၁၈ ခုနှစ်က အိုက်စလန်အသင်းက တင်ထားခဲ့ပေမဲ့ ကူရာဆောနိုင်ငံဟာ အိုက်စလန်ထက် အများကြီး ပိုသေးငယ်ပါတယ်။ 

လူဦးရေ ၁၅၀,၀၀၀ ကျော်သာရှိတဲ့ ကူရာဆောနိုင်ငံဟာ တောင်အမေရိကတိုက်၊ ဗင်နီဇွဲလားနိုင်ငံရဲ့ မြောက်ဘက် ကာရစ်ဘီယံ ပင်လယ်အတွင်းရှိ ကျွန်းနိုင်ငံငယ်လေးဖြစ်ပြီး   ဗင်နီဇွဲလား ကမ်းရိုးတန်းကနေ ၃၇ မိုင်အကွာမှာ တည်ရှိကာ ဧရိယာ ၁၇၁ စတုရန်းမိုင်သာ ကျယ်ဝန်းပါတယ်။

နယ်သာလန်ပြည်ထောင်စုအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ  ကူရာဆောနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က ဖီဖာအဆင့် ၁၅၀ မှာ ရှိခဲ့ရာကနေ အခုအခါ အဆင့် ၈၂ အထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ အသင်းရဲ့ အောင်မြင်မှုကတော့  ဒတ်ချ်နည်းပြ ဒစ်ခ် အက်ဗိုကက်ရဲ့ ဦးဆောင်မှုက အဓိကကျပါတယ်။

အသက် ၇၈ နှစ်အရွယ် နယ်သာလန်လူမျိုး အက်ဗိုကက်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသက်အကြီးဆုံးနည်းပြအဖြစ် စံချိန်သစ်တင်မှာ ဖြစ်ပါတယ်။

သူဟာ ကစားသမားတွေနဲ့ ဘောလုံးအဖွဲ့ချုပ်ကြား ငွေကြေးဆိုင်ရာ အငြင်းပွားမှု ပြေလည်ပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ နည်းပြဖြစ်လာခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်ဖို့ ချက်ချင်း ရည်မှန်းချက်ထားခဲ့ပါတယ်။

ကူရာဆော ကွင်းလယ်ကစားသမား ဂျူနင်ဟို ဘာကူနာက အက်ဗိုကက်ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ ပတ်သက်ပြီး “ဒစ်ခ် အက်ဗိုကက်ဟာ နာမည်ကြီး နည်းပြတယောက်ဖြစ်ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ အလုပ်လုပ်ပုံကို လူတိုင်းက လေးစားကြပါတယ်” လို့ ပြောပါတယ်။

“သူရှိနေတာက အသင်းအတွက်ရော နိုင်ငံအတွက်ပါ တကယ်ကို အရေးကြီးပြီး သူ့ရဲ့ သက်ရောက်မှုက အရမ်းကြီးမားပါတယ်” လို့လည်း ဆိုပါတယ်။

အသင်းရဲ့ နည်းပြဟာ နယ်သာလန်လူမျိုးဖြစ်သလို အသင်းလူစာရင်းမှာ ပါဝင်တဲ့ ကစားသမား အများစုဟာလည်း နယ်သာလန်နိုင်ငံမှာ မွေးဖွားခဲ့သူတွေ ဖြစ်ပါတယ်။

သူတို့ဟာ မိသားစုမျိုးရိုး အဆက်အနွယ်ကြောင့် ကူရာဆောအတွက် ကစားခွင့်ရခဲ့ကြတာပါ။ အသင်းမှာ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း တာဟစ်ချောင်လို ထင်ရှားတဲ့ ကစားသမားတွေလည်း ပါဝင်ပါတယ်။

ကွင်းလယ်ကစားသမား ဂျူနင်ဟို ဘာကူနာ ကိုယ်တိုင်ကလည်း နယ်သာလန် ယူ-၂၁ အသင်းမှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ သူက သူ့အစ်ကိုဖြစ်သူ အသင်းခေါင်းဆောင် လီအန်ဒရို ဘာကူနာ နဲ့အတူ တွဲကစားချင်တာကြောင့်  ကူရာဆောကို ရွေးချယ်ခဲ့တယ်လို့ ရှင်းပြပါတယ်။

ကူရာဆောဘောလုံးလောက တိုးတက်မှုတွေကြောင့် နယ်သာလန်မှာ မွေးဖွားတဲ့ တခြားလူငယ်ကစားသမားတွေလည်း သူတို့အသင်းအတွက် လာကစားဖို့ စိတ်အားထက်သန်လာကြတယ်လို့ ယုံကြည်ကြောင်း ဘာကူနာက ပြောပါတယ်။

“အခုဆိုရင် နယ်သာလန်အတွက် ကစားနိုင်တဲ့ လူငယ်ကစားသမားတွေတောင် ကူရာဆော အတွက် လာကစားပြီး အသင်းကို ပိုတိုးတက်အောင် လုပ်ပေးနေတာကို တွေ့နေရပါတယ်။”

ကင်စတန်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒီပွဲမှာ အိမ်ရှင် ဂျမေကာအသင်းက အနိုင်ရမှသာ ခြေစစ်ပွဲအောင်မှာ ဖြစ်ပါတယ်။

နာကျင်အချိန်ပို ၅ မိနစ်ရဲ့ ၄ မိနစ်မြောက်မှာ ကူရာဆော လူစားဝင်ကစားသမား ဂျယ်ရမီ အန်တိုနီဆီက အိုက်ဆက် ဟေဒင်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး ဒိုင်လူကြီးက ပယ်နယ်တီအဖြစ် ချက်ချင်း သတ်မှတ်ခဲ့ပါတယ်။

ဒါပေမဲ့ VAR တာဝန်ရှိသူတွေရဲ့ တိုက်တွန်းမှုကြောင့် ဒိုင်လူကြီးဟာ ဘေးစည်းက ဖန်သားပြင်မှာ အဖြစ်အပျက်ကို ပြန်လည်စစ်ဆေးခဲ့ပြီး သူ့ရဲ့ မူလဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် ဂျမေကာပရိသတ်တွေ စိတ်ပျက်ခဲ့ရပြီး ပွဲအပြီးမှာတော့ ဂျမေကာနည်းပြ မက်ကလာရင်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဒီသရေပွဲကြောင့် ကူရာဆောအသင်းဟာ ခြေစစ်ပွဲ ၁၀ ပွဲမှာ ၇ ပွဲနိုင်၊ ၃ ပွဲသရေနဲ့ ရှုံးပွဲလုံးဝမရှိဘဲ သမိုင်းဝင် ကမ္ဘာ့ဖလားဝင်ခွင့်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013