DVB Logo
Home
နိုင်ငံတကာ
အမေရိကန်တွင် ဆော်ဒီရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ထရီလီယံ ရှိလာနိုင်
DVB
·
November 19, 2025
အမေရိကန်တွင် ဆော်ဒီရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ထရီလီယံ ရှိလာနိုင်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အိမ်ဖြူတော် ရောက်လာတဲ့ ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက် ဘင် ဆယ်လ်မန်ကို နွေးထွေးစွာကြိုဆိုခဲ့ပြီး နှစ်နိုင်ငံကြား ပိုမိုနက်ရှိုင်းလာတဲ့ ဆက်ဆံရေးအပေါ် ထင်ဟပ်စေခဲ့ပါတယ်။

အခုလိုမျိုး ထရမ့်ပ်နဲ့ ဘင်ဆယ်လ်မန်ကြား အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းမှာ တွေ့ဆုံမှုအတွင်း အရေးပါတဲ့ သဘောတူညီချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီနောက် အမေရိကန်ဘက်က ဆော်ဒီကို “NATO အဖွဲ့ဝင်မဟုတ်တဲ့ အဓိကမဟာမိတ်နိုင်ငံ” (Major Non-NATO Ally) တခုအဖြစ် အသိအမှတ်ပြုဖို့ ဆုံးဖြတ်လိုက်ကြောင်း ကြေညာသွားပါတယ်။

ဒါဟာ အမေရိကန်နဲ့ ဆော်ဒီကြားက ခိုင်မာပြီးသားဖြစ်တဲ့ ကာကွယ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာရောက်ပြီး​ အဆင့်မြင့်လက်နက်တွေပါ လိုင်စင်မပါဘဲ ဝယ်ယူရရှိနိုင်တော့မှာ ဖြစ်ပါတယ်။

အဲဒီလိုင်စင်ကင်းလွတ်ခွင့် ရထားတဲ့ နိုင်ငံတွေထဲမှာ ဆော်ဒီ ပါဝင်လာတဲ့အလျောက် အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီး၊ ကိုလံဘီယာ၊ ဖိလစ်ပိုင်နဲ့ ထိုင်း စသဖြင့် နိုင်ငံပေါင်း ၂၀ အထိရှိနေပြီ ဖြစ်ပါတယ်။

ဆော်ဒီမင်းသားကလည်း အမေရိကန်ပြည်တွင်းမှာ သူတို့ရင်းနှီးမြှုပ်နှံမယ့် ပမာဏကို ဒေါ်လာ ၁ ထရီလီယံလောက် မြင့်တက်လာနိုင်ကြောင်း ပြောထားပါတယ်။

“ဒီကနေ့ လက်မှတ်ထိုးမယ့် သဘောတူညီချက်ထဲမှာ AI နဲ့ နည်းပညာ၊ သံလိုက်နဲ့ ရှားပါးသတ္တုပစ္စည်း စတဲ့ ကဏ္ဍများစွာပါဝင်ပြီး​ ရင်းနှီးမြှုပ်နှံရေး အခွင့်အလမ်းတွေ အများကြီး ဖန်တီး​နိုင်မှာဖြစ်ပါတယ်” လို့  ဘင်ဆယ်လ်မန် အနေနဲ့ မှတ်ချက်ပေးပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ဝါရှင်တန်ပို့စ် သတင်းထောက် ဂျာမယ်ခါရှောဂီ သတ်ဖြတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး သတင်းထောက်တယောက်ရဲ့ မေးမြန်းမှုကိုတော့ ထရမ့်ပ်က ကြားဝင် ပယ်ချခဲ့ပါတယ်။

အစ္စတန်ဘူလ်မြို့က ဆော်ဒီသံရုံးမှာ ဖြစ်ပွားခဲ့တဲ့ အစဖျောက်လုပ်ကြံမှုကို “ဒါမျိုးဖြစ်တတ်ပါတယ်” ဆိုပြီး ထရမ့်ပ်က ဖြည့်စွက်ပြောပါတယ်။

အဲဒီအချိန်ကတည်းက ဘင်ဆယ်လ်မန်ဟာ အမေရိကန်မြေပေါ်ကို မရောက်တော့တဲ့အတွက် အခုတခေါက်ဟာ သံတမန်ရေးဆိုင်ရာ အလှည့်အပြောင်းတခု ဖြစ်လာခဲ့ပါတယ်။

ဆော်ဒီအိမ်ရှေ့စံမင်းသားက ရေနံဝင်ငွေအပေါ် အဓိကထား မှီခိုနေရမှုကို လျှော့ချနိုင်ဖို့အတွက် အားကစားနဲ့ ခရီးသွားလုပ်ငန်း အပါအဝင် တခြားကဏ္ဍတွေမှာပါ ရင်းနှီးမြှုပ်နှံမှုတွေ ဖြန့်ကြက်ထားလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဆော်ဒီခေါင်းဆောင်အတွက် အိမ်ဖြူတော်မှာ တည်ခင်းခဲ့တဲ့ ညစာစားပွဲအတွင်း ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒိုလည်း တက်ရောက်လာတာ တွေ့ရပါတယ်။

အဲဒီညစာစားပွဲကို ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်နဲ့ Apple ကုမ္ပဏီရဲ့ စီအီးအို တင်မ်ကွတ်ခ် အပါအဝင် သြဇာကြီးမားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပါ တက်ရောက်ခဲ့ပါတယ်။

အထူးသဖြင့် မတ်စ်ခ်အတွက် DOGE ဌာန အကြီးအကဲရာထူးကနေ နုတ်ထွက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ဖြူတော်ကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013