
လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ အချက်အလက်တွေ ပါဝင်တဲ့ အက်စတိန်းရဲ့ ဖိုင်တွေကို တရားရေးဌာနက ထုတ်ပြန်ဖို့ ဥပဒေအတည်ပြုချက်ကို အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
အောက်လွှတ်တော် မဲခွဲမှုမှာ ၄၂၇ မဲ ၁ မဲနဲ့ မဲခွဲဆုံးဖြတ်ပြီးတဲ့နောက် အထက်လွှတ်တော်က မဲမခွဲဘဲ အတည်ပြုဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အက်စတိန်းရဲ့ ဖိုင်တွေကို သူ့ရဲ့ထောက်ခံသူတွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရပြီးနောက်မှာ မှတ်တမ်းတွေကို ဖွင့်ချဖို့ လွှတ်တော်ကို တိုက်တွန်းခဲ့ပြီး ရက်ပိုင်းအကြာမှာ အခုလို ဆုံးဖြတ်ခဲ့တာပါ။
ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့တဲ့ စာမျက်နှာ ၂၀,၀၀၀ ပါ ဖိုင်တွေထဲမှာ ထရမ့်ပ်ရဲ့နာမည် ပါဝင်မှုက လူအများ စိတ်ဝင်စားစရာကိစ္စ ဖြစ်ခဲ့ပါတယ်။ လွှတ်တော် ၂ ရပ်လုံးက အတည်ပြုပြီးဖြစ်တာကြောင့် ဒီဥပဒေကို ထရမ့်ပ်က လက်မှတ်ထိုးဖို့ပဲ ကျန်ရှိပါတော့တယ်။
အထက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် ချက်ရှူးမားက ထရမ့်ပ်ဟာ အက်စတိန်းရဲ့အမှုကို အချိန်အကြာကြီး ဖုံးဖို့ ကြိုးစားခဲ့ကြောင်း၊ နောက်ဆုံးမှာ လွှတ်တော်က အက်စတိန်းရဲ့ ဖိုင်တွေကို ထုတ်ပြန်နိုင်ဖို့ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ဒီလိုလုပ်ဆောင်တာဟာ တဦးတယောက်အပေါ် တိုက်ခိုက်တာ မဟုတ်ဘဲ လူထုရဲ့ တောင်းဆိုမှုကို တုံ့ပြန်တာသာဖြစ်ကြောင်း ပြောပါတယ်။
ဒါဟာ ဒီမိုကရက်၊ ရီပတ်ဘလစ်ကန်၊ သမ္မတတို့ရဲ့ ပြိုင်ဆိုင်မှုမဟုတ်ဘဲ အမေရိကန်ပြည်သူတွေရဲ့ ပွင့်လင်းမြင်သာမှုကို ပြသတာပဲဖြစ်ကြောင်းလည်း သူက ပြောခဲ့ပါသေးတယ်။
အက်စတိန်းဟာ လိင်ကိစ္စအရှုပ်တော်ပုံတွေကြောင့် ထောင်ကျခဲ့ပြီး ၂၀၁၉ ခုနှစ် နယူးယောက်ခ် အကျဉ်းထောက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ သတ်မှတ်ထားပါတယ်။
အက်စတိန်းဟာ ၂၀၀၈ ခုနှစ်က အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို ပြည့်တန်ဆာလုပ်ဖို့ ဖြားယောင်းသွေးဆောင်ခဲ့တဲ့ စွဲချက်တွေနဲ့ ထောင်ကျခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











