
ဩစတြီးယား အနုပညာရှင် ဂူစတော့ကလင့်ရဲ့ ပန်းချီကားကို ဒေါ်လာ ၂၃၆ ဒသမ ၄ သန်းနဲ့ ရောင်းချပြီး လေလံတင်ခဲ့တဲ့ ပန်းချီကားတွေအနက် ဒုတိယမြောက် ဈေးအကြီးဆုံးပန်းချီကား ဖြစ်လာပါတယ်။
ဒီပန်းချီကားကို နိုဝင်ဘာ ၁၈ ရက်က နယူးယောက်ခ်မှာ Sotheby က ဒေါ်လာ ၂၀၅ သန်းနဲ့ လေလံတင်ခဲ့တာဖြစ်ပြီး ဒေါ်လာ ၂၃၆ ဒသမ ၄ သန်းနဲ့ ရောင်းထွက်ခဲ့တာပါ။ လေလံဆွဲသူ ၆ ယောက်က မိနစ် ၂၀ အကြာ အပြိုင်ဈေးပေးခဲ့တာ ဖြစ်ပါတယ်။
ဒီပန်းချီကားကို ကလင့်က အယ်လိဇဘတ်လီ ဒါရာ ဆိုတဲ့ အမျိုးသမီးငယ်ရဲ့ ပုံတူပန်းချီကားကို ၁၉၁၄ နဲ့ ၁၉၁၆ ခုနှစ်ကြားမှာ ရေးဆွဲခဲ့တာဖြစ်ပါတယ်။
Sotheby ကတော့ ပန်းချီကား လေလံအောင်သူရဲ့ နာမည်ကို ဖော်ပြခဲ့တာမျိုး မရှိပါဘူး။
ကမ္ဘာ့ဈေးအကြီးဆုံး ပန်းချီကားကတော့ လီယိုနာဒို ဒါဗင်ချီရဲ့ ဆယ်ဗာတာမန်ဒီ ပန်းချီကားဖြစ်ပြီး ၂၀၁၇ ခုနှစ်က ဒေါ်လာ သန်း ၄၅၀ နဲ့ ရောင်းချခဲ့ပါတယ်။
ကလင့်ရဲ့ ပန်းချီကားတွေ ရောင်းချမှု စံချိန်က ၂၀၂၃ ခုနှစ်တုန်းက လန်ဒန်ပြပွဲမှာ ဒေါ်လာ ၁၀၈ ဒသမ ၈ သန်းအထိ ရရှိခဲ့ဖူးပါတယ်။
“လူ့အရပ်အတိုင်း ဆွဲထားတဲ့ ဒီပေါ့ထရိတ်ပန်းချီကားဟာ အရမ်းကောင်းတဲ့ စကေးချိန်ကိုက်မှုတွေ ပါဝင်ပါတယ်။ ကလင့်ရဲ့ အကောင်းဆုံးလက်ရာတွေထွက်တဲ့ ၁၉၁၂ ကနေ ၁၇ ခုနှစ်အတွင်း ရေးဆွဲခဲ့တဲ့ကားပါ။ ပြတိုက်တွေမှာ အဓိက စုဆောင်းရတဲ့ လက်ရာမျိုးပေါ့” လို့ Sotheby က လေလံပွဲမှာ ပြောခဲ့ပါတယ်။
အဲဒီလေလံပွဲမှာ ကလင့်ရဲ့ လက်ရာပန်းချီကား ၂ ကားလည်း ပါဝင်ပြီး တကားကို ဒေါ်လာ ၈၆ သန်းနဲ့ နောက်တကားကို ဒေါ်လာ ၆၈ ဒသမ ၃ သန်း ရရှိခဲ့ပါတယ်။
အဲဒီပန်းချီကား ၂ ကားလုံးကို အမေရိကန် ဘီလျံနာ လီယိုနတ်လောက်ဒါက စုဆောင်းခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းမှာ ကွယ်လွန်ခဲ့တဲ့ လီယိုနတ်လောက်ဒါရဲ့ စုဆောင်းထားမှု ၂၄ ခု ဒီလေလံမှာ ပါဝင်ခဲ့ပြီး ဒေါ်လာ ၅၂၇ ဒသမ ၅ သန်းအထိ ရရှိခဲ့ပါတယ်။
Source: Reuters











