အီရန်ဟာ သူ့အစိုးရအဖွဲ့နဲ့ ဆွေးနွေးနေပေမဲ့ ထုတ်ပြောဖို့ ကြောက်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ထရမ့်ပ်က “အီရန်တာဝန်ရှိသူတွေဟာ ဆွေးနွေးပွဲလုပ်နေတယ်လို့ ထုတ်ပြောရင် သူ့လူတွေ သတ်မှာကို စိုးရိမ်ရပါတယ်။ ကျနော်တို့ရဲ့ ရှင်းပစ်တာ ခံရမှာကိုလည်း သူတို့က ကြောက်နေရတယ်” လို့ ပြောခဲ့တာပါ။
အမေရိကန်က ပင်လယ်ကွေ့မှာ စစ်ပွဲအဆုံးသတ်ဖို့ အဆိုပြုချက်အပေါ် အီရန်က ပြန်သုံးသပ်နေကြောင်း၊ ဒီလိုသုံးသပ်မှုဟာ အရှေ့အလယ်ပိုင်းအရေး အဆုံးသတ်ဖို့ ဆွေးနွေးတာ မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန်ပြောထားပါတယ်။
တောင်းဆိုချက်တွေကို သဘောတူခဲ့ရင် အီရန်က စစ်ပွဲအဆုံးသတ်ဖို့ သဘောတူမယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပေးခဲ့ပါသေးတယ်။
အစောပိုင်းကတော့ အမေရိကန်နဲ့ ဆွေးနွေးမှုမှန်သမျှကို လူသိရှင်ကြား ဆန့်ကျင်ခဲ့ဖူးပေမဲ့ တောင်းဆိုချက်တွေ ရမယ်ဆိုရင် သဘောတူနိုင်ဖွယ် ရှိတဲ့အကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တာပါ။
အမေရိကန်က အီရန်ကို အချက် ၁၅ ချက်ပါ အစီအစဉ်ကို ပေးပို့မှုကို အီရန်က လက်ခံရရှိထားပြီး အီရန်က အစောပိုင်းမှာ အဲဒီအစီအစဉ်ကို ပယ်ချထားပါတယ်။
ဒါပေမဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ဒီအချက်တွေကို ဆုံးဖြတ်ဖို့ လိုမယ်ဆိုရင် သေချာဆုံးဖြတ်မယ်လို့ ပြောထားတာလည်း တွေ့ရပါတယ်။
အီရန်နိုင်ငံဟာ စစ်ပွဲအဆုံးသတ်ရေးနဲ့ပတ်သက်လို့ အချက် ၅ ချက်ကို နိုင်ငံပိုင်မီဒီယာကနေ ကြေညာပြီး တောင်းဆိုခဲ့ဖူးပါတယ်။ အဲဒီအထဲမှာ စစ်လျော်ကြေးငွေ ပေးချေရေးနဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေးတို့ ပါဝင်ပါတယ်။
အမေရိကန်ဟာ အီရန်မှာ ကြီးမားတဲ့ အောင်မြင်မှု ရနေပြီဖြစ်ပြီး အီရန်နဲ့ အရှေ့အလယ်ပိုင်းမှာ ဒီလိုအောင်မြင်မှုမျိုး ဘယ်သူမှမမြင်ဖူးဘူးလို့ ထရမ့်ပ်က ဆိုထားပါတယ်။
Source: Reuters











