DVB Logo
Home
နိုင်ငံတကာ
F-35 တိုက်လေယာဉ်များ ဆော်ဒီအာရေဗျသို့ ရောင်းချပေးမည်ဟု ထရမ့်ပ် ပြော
DVB
·
November 18, 2025
F-35 တိုက်လေယာဉ်များ ဆော်ဒီအာရေဗျသို့ ရောင်းချပေးမည်ဟု ထရမ့်ပ် ပြော
Donate to DVB

အမေရိကန်ရဲ့ နောက်ဆုံးပေါ် F-35 တိုက်လေယာဉ်တွေကို ဆော်ဒီအာရဗျအတွက် ရောင်းချဖို့ ခွင့်ပြုမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုဝင်ဘာ ၁၇ ရက်မှာ အတည်ပြုပါတယ်။

ဒါဟာ ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက် ဘင် ဆယ်လ်မန်က အိမ်ဖြူတော်ကို သံတမန်ရေးခရီးစဉ်အဖြစ် မရောက်လာခင် တရက်အလိုမှာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ထရမ့်ပ်က “F-35 တွေ ကျနော်တို့ ရောင်းပေးမှာပါ။ အကောင်အထည်ဖော်ဖို့လည်း စီစဉ်နေပါတယ်။ သူတို့လည်း ဝယ်ယူလိုပါတယ်။ အလွန်ကောင်းမွန်တဲ့ မဟာမိတ်တွေ ဖြစ်ပါတယ်” လို့ သတင်းထောက်တွေကို မှတ်ချက်ပြုပါတယ်။

အာရပ်နိုင်ငံတွေကို အဆင့်မြင့်လက်နက်တွေ ရောင်းချလေ့မရှိတဲ့ ဝါရှင်တန်ရဲ့ ချဉ်းကပ်ပုံကနေ သွေဖည်နေတဲ့အလျောက် ဆော်ဒီအတွက်တော့ အောင်မြင်မှု ဖြစ်လာခဲ့ပါတယ်။

တချိန်တည်းမှာ အေဘရာဟမ် သဘောတူညီချက် (Abraham Accords) အရ အစ္စရေးနဲ့ တရားဝင်ဆက်ဆံရေး ထူထောင်ဖို့အတွက် ဆော်ဒီကို ထရမ့်ပ်က တိုက်တွန်းထားပါတယ်။

Lockheed Martin ကုမ္ပဏီထုတ် F-35 ဟာ ကမ္ဘာ့အဆင့်မြင့်ဆုံး တိုက်လေယာဉ်အဖြစ် သတ်မှတ်ထားတဲ့အလျောက် ရန်သူ့ကာကွယ်ရေးစနစ်တွေ ထောက်လှမ်းရခက်ခဲစေတဲ့ နည်းပညာ ပါဝင်ပါတယ်။

ဒါကြောင့် အစ္စရေးအရာရှိတချို့က F-35 တိုက်လေယာဉ်တွေ ဆော်ဒီအာရေဗျကို လွှဲပြောင်းမယ့်ကိစ္စအပေါ် ကန့်ကွက်ကြောင်း ပြောဆိုထားပါတယ်။

ဒါ့အပြင် ဆော်ဒီလိုမျိုး ဒေသတွင်းပြိုင်ဘက်နိုင်ငံတွေထက် စစ်ရေးစွမ်းရည်သာလွန်အောင် အစ္စရေးကို ထောက်ပံ့ပေးမယ်ဆိုပြီး အမေရိကန်အစိုးရ အစဉ်အဆက်က ကတိပြုထားပါတယ်။

အစ္စရေးစစ်တပ်ရဲ့ ဒု-စစ်ဦးစီးချုပ်ဟောင်း ယဲရ်ဂိုလန် ကတော့ ဒါဟာ “အရှေ့အလယ်ပိုင်းမှာ လက်နက်ပိုင်းယှဉ်ပြိုင်မှုကို” ဖြစ်ပေါ်စေနိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုပြီး သုံးသပ်ထားပါတယ်။

အလားတူ ၂၀၂၀ ပြည့်နှစ်တုန်းက ယူအေအီးနိုင်ငံကို F-35 တိုက်လေယာဉ်တွေ ရောင်းချဖို့အတွက် ထရမ့်ပ်ကိုယ်တိုင် ခွင့်ပြုခဲ့ပေမဲ့လည်း ဂျိုးဘိုင်ဒင်လက်ထက် အရောက်မှာ ပျက်ပြားသွားပါတယ်။

အခုတခေါက်မှာ အောင်မြင်ခဲ့ရင်တော့ ဆော်ဒီဟာ F-35 တိုက်လေယာဉ်တွေ ပိုင်ဆိုင်နိုင်မယ့် ပထမဆုံး အာရပ်နိုင်ငံ ဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့လည်း​ အမေရိကန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးက ခွင့်ပြုထားတဲ့ လက်နက်ရောင်းချမှုတွေကို လွှတ်တော်မှာ ပယ်ချပိုင်ခွင့် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013