
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နဲ့ စစ်တွေမြို့နယ်တို့ကို နိုဝင်ဘာ ၁၇ ရက် တရက်တည်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ပါတယ်။
ကျောက်ဖြူမြို့နယ် ကျောက်ကလေကျေးရွာကို နိုဝင်ဘာ ၁၇ ရက် နေ့လယ် ၁၂ နာရီခွဲမှာ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့သလို၊ လိပ်တင်ကျေးရွာ စာသင်ကျောင်းကိုလည်း နေ့လယ် ၁၂ နာရီခွဲနဲ့ ၁၂ နာရီ ၃၉ မိနစ်မှာလည်း ဂျက်တိုက်လေယာဉ် တစင်းနဲ့ အသေခံ ဒရုန်းတစီး အသုံးပြုပြီး ထပ်မံ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ လိပ်တင်ကျေးရွာ စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ကျောင်းသား ကျောင်းသူတွေကို အချိန်မီကာကွယ်နိုင်ခဲ့ပေမဲ့ စာသင်ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးခဲ့သလို ကျောင်းအနီးရှိ တိရစ္ဆာန်အချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် စစ်တွေမြို့နယ် အမြင့်ကျွန်းတံထားအနီး ပတ်ဝန်းကျင်ကို နိုဝင်ဘာ ၁၇ ရက် ညနေ ၄ နာရီခွဲမှာ Y-12 လေယာဥ်နဲ့ ဗုံးအလုံး ၆၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ညနေ ၈ နာရီ ၁၇ မိနစ်မှာလည်း ကျောက်ဖြူမြို့နယ် မင်းရပ်ကျေးရွာနဲ့ သံချောင်းကျေးရွာအနီးတို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သလို ဇင်ချောင်းကမ်းခြေမှာရှိတဲ့ စစ်ကောင်စီ ရေတပ်ကနေ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း အထိအခိုက် အသေအပျောက်စာရင်းတွေကို မသိရသေးဘဲ နောက်ဆက်တွဲကို ထုတ်ပြန်မယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ကျောက်ဖြူမြို့ရှိ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လာနေတဲ့အတွက် လေကြောင်းရန်ကို ပိုမိုသတိထားကြပါဖို့ AA က သတိပေးထားပါတယ်။
စစ်ကောင်စီဟာ အောက်တိုဘာလကုန်ပိုင်းကတည်းက ရခိုင်က မြို့၊ ရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေတာဖြစ်ပြီး အရပ်သား ထိခိုက် သေဆုံးမှုတွေဟာလည်း ဆက်တိုက်ဆိုသလို မြင့်တက်လာနေ ပါတယ်။











