DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးစကားလုံး သုံးခဲ့သဖြင့် ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းကို စစ်တပ်က အရေးယူရန် ပြင်ဆင်
DVB
·
November 17, 2025
တော်လှန်ရေးစကားလုံး သုံးခဲ့သဖြင့် ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းကို စစ်တပ်က အရေးယူရန် ပြင်ဆင်
Donate to DVB

မဲဆွယ်စည်းရုံးရာမှာ တော်လှန်ရေးဆိုတဲ့ စကားလုံး သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီမှ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို အရေးယူသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၆ ရက်က တော်လှန်ရေးဆိုတဲ့ စကားလုံးသုံးပြီး မဲဆွယ်စည်းရုံးခဲ့တဲ့ ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်းကို အရေးမယူဘူးလားလို့ စစ်အုပ်စုနဲ့ ပြည်တွင်းသတင်းမီဒီယာတွေနဲ့ အုပ်စုဖွဲ့ တည်ထောင်ထားတဲ့ Viber Group မှာ Myanmar Nations Post သတင်းဌာနက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ UEC ဘက်က “အကြောင်းအရာ မှန်ကန်ပါက တရားစွဲ အဖွဲ့အစည်းများက သက်ဆိုင်ရာဥပဒေနဲ့ အရေးယူရမှာဖြစ်ပြီး အရေးယူဆောင်ရွက်ပြီးပါက ရွေးကောက်ပွဲကော်မရှင်ကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ ရွေးကောက်ပွဲဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ ဆက်လက်အရေးယူသွားမယ်” လို့ ပြန်လည်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုကပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရအောင် ပြိုင်ဘက်ပါတီတွေကို ကြံ့ခိုင်ရေးပါတီနဲ့ စစ်ကောင်စီဝါဒဖြန့် သတင်းဌာနတွေက လုပ်ဆောင်နေတယ်လို့ နိုင်ငံရေးသမားတယောက်က DVB ကို ပြောပါတယ်။

“ကြံ့ခိုင်ရေးက သူတို့ပြိုင်မယ့် မြို့နယ်တွေမှာ အနိုင်ရဖို့ တဘက်ပါတီတွေရဲ့ အားနည်းချက်ကို စောင့်ကြည့်ပြီး ကျော်စိုးဦးတို့၊ နောင်တော်လေးတို့နဲ့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်တွေကို ပို့တယ်။ သူတို့ကတဆင့် စစ်တပ်လက်အောက်ခံ ကော်မရှင်ကို အရေးယူနိုင်အောင် ချပြတယ်။ ဒေါ်သက်သက်ခိုင် ကိစ္စတုန်းက ကျော်စိုးဦးက သူ့တယ်လီဂရမ်မှာ တင်တယ်၊ Viber Group မှာ မေးတယ်။ အခု ဦးလွင်မြင့် ကိစ္စကျတော့ နောင်တော်လေး မေးတယ်။ နှစ်ယောက်စလုံးက ကြံ့ခိုင်ရေးက သတင်းသမားတွေ။”

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်မှာ နိုဝင်ဘာ ၁၂ ရက်က U Lwin Myint Tiktok Account မှ “၎င်း၏သားမှာ ၂၀၂၁ ခုနှစ် အရေးတော်ပုံတွင် ပါဝင်ခဲ့ပြီး မကြာသေးမီက ထောင်မှလွတ်မြောက်ကြောင်း၊ မဲဆွယ်စည်းရုံးရေး လက်ကမ်းကြော်ငြာစာတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးဟု သုံးနှုန်းဖော်ပြခဲ့ကြောင်း၊ အလားတူ ထောင်တွင်း နိုင်ငံရေးအကျဥ်းသားများအတွက် ငွေကြေးနှင့် ထောင်ဝင်စာ တတပ်တအား ပါဝင်ကူညီခဲ့ကြောင်း” ပြောဆို၍ Live လွှင့် မဲဆွယ်စည်းရုံးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်ကလည်း ပြည်သူ့ပါတီက မော်ကျွန်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ဦး (ခ) မိုက်ကယ်ဇိုးကို ကြည့်မြင်တိုင်မြို့နယ် ရဲစခန်းမှာ ပ/၁၃၀/၂၀၂၅ ၆၆(ဃ) နဲ့ အမှုဖွင့်ထားတယ်လို့ ဦးအောင်ကျော်ဦး ကိုယ်တိုင် သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013