
ထိုင်းနိုင်ငံက နာမည်ကြီး “နစ်တယား” ထိုင်းရိုးရာ ကြက်ကင်ဆိုင်ဟာ ၂၀၂၅ မှာလည်း ရောင်းအား တိုးတက်နေဆဲဖြစ်တာကြောင့် ဘတ်သန်းပေါင်း ၁,၀၀၀ ကျော် ရလိမ့်မယ်လို့ မှန်းထားကြောင်း အမှုဆောင် ဒါရိုက်တာက ပြောပါတယ်။
ဒီနေ့ခေတ်မှာ စားသောက်ဆိုင်တွေ သူ့ထက်ငါ အပြိုင်အဆိုင်ဖွင့်လှစ်နေတဲ့ကြားက ကျဆင်းမှုမရှိဘဲ တနှစ်ထက်တစ်နှစ် တိုးတက်မှုသာ ပြနေတာကတော့ “နစ်တယား ကိုင်ယန့်“ ထိုင်းရိုးရာ ကြက်ကင်ဆိုင်ပဲ ဖြစ်ပါတယ်။
ကြက်ကင်ဆိုင်ဆိုသော်ငြားလည်း ကြက်ကြော်၊ ကြက်ပေါင်း၊ သင်္ဘောသီးထောင်း အပါအဝင် အထောင်းမျိုးစုံ နဲ့ အခြားစားသောက်ဖွယ်ရာတွေလည်း ဈေးအသင့်အတင့်နဲ့ ရောင်းချပါတယ်။
ထိုင်းနိုင်ငံမှာ ကြက်ကင်နဲ့ သင်္ဘောသီးထောင်း ရိုးရာစားသောက်ဆိုင်တွေ အမြောက်အမြားရှိပေမဲ့ ဘန်ကောက်နဲ့ အနီးတဝိုက်ခရိုင်တွေမှာတော့ နစ်တယား ကိုင်ယန့်ဆိုင်က နာမည်ကြီးပြီး လွန်ခဲ့တဲ့ ၂၅ နှစ်က ဆိုင်သေးသေးလေးကနေ စဖွင့်ခဲ့တာမှာ ဒီ ၂၀၂၅ ခုနှစ်မှာ ဆိုင်ခွဲပေါင်း ၃၁ ဆိုင်ရှိသွားပြီလို့ TNN ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ရပ်ကွက်တွေမှာ ကိုယ်ပိုင်ဆိုင် ၈ ဆိုင်၊ ကွန်မြူနတီမောလ်တွေထဲမှာ ၆ ဆိုင်၊ ကုန်တိုက်ကြီး တွေထဲမှာ ၁၆ ဆိုင်၊ ဓာတ်ဆီဆိုင်ဝင်းထဲမှာ ၁ ဆိုင်ရှိပြီး ရှေ့နှစ်တွေမှာ အခြားခရိုင်တွေထိ ဆိုင်ခွဲဖွင့်ဖို့ရှိတယ်။ နိုင်ငံခြားမှာ သွားဖွင့်ဖို့ ကာစတန်မာတွေက တောင်းဆိုတာကြောင့် အဲဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားထားတယ်လို့ Nittaya Kai Yang Group Co. Ltd. ရဲ့ အမှုဆောင်ဒါရိုက်တာ ဖာ့ဒေချ် ဂန်ဒကျင်းဒါးက သတင်းထောက်ကို ပြောပါတယ်။
ဆိုင်ရဲ့ တနှစ်တာ ဝင်ငွေမှာ ၂၀၂၁ ခုက ဘတ် ၆၂၈ သန်း၊ ၂၀၂၂ ခုမှာ ၈၁၄ သန်း၊ ၂၀၂၃ ခုမှာ ၉၃၃ သန်း၊ ၂၀၂၄ ခုမှာ ၉၈၆ သန်းရရှိခဲ့ပြီး ဒီနှစ် ၂၀၂၅ မှာလည်း ရောင်းအား တိုးတက်နေဆဲဖြစ်တာကြောင့် ဘတ်သန်းပေါင်း ၁,၀၀၀ ကျော် ရလိမ့်မယ်လို့ မှန်းထားကြောင်း အမှုဆောင် ဒါရိုက်တာက ပြောပါတယ်။
“နစ်တယား ကိုင်ယန့်” ဆိုင်ကို ၂၀၀၀ ပြည့်နှစ်ကတည်းက ဖွင့်လှစ်လာတာမှာ ရောင်းအား ကျဆင်းသွားတဲ့နှစ် မရှိခဲ့ဘူး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားစဉ်က စားသောက်ဆိုင်အတော်များများ ရောင်းအားကျဆင်းခဲ့တယ်၊ အချို့ဆိုင်တွေ ပိတ်ပစ်ရတဲ့ထိ ဖြစ် သွားတယ်။ နစ်တယားဆိုင်ကတော့ ဆိုးရွားတဲ့အထိ မဖြစ်ခဲ့ဘူး၊ အသင့်အတင့် ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို အောင်မြင်လာရတဲ့ အကြောင်းရင်းမှာ “နစ်တယား ကိုင်ယန့်” အနေနဲ့ အစားအစာရဲ့ အရသာ၊ ပါဝင်ပစ္စည်း၊ ဆက်ဆံရေး၊ တည်နေရာ စတဲ့ အချက် ၄ ချက်ကို အဓိကထားပြီး အကောင်းဆုံး လုပ်ဆောင်တယ်။
အနံ့အရသာမှာ လူမျိုးဘာသာမရွေး၊ အသက်အရွယ်မရွေး လူတိုင်းစားသုံးနိုင်တဲ့ ထူးကဲအရ သာဖြစ်အောင် ပြင်ဆင်ပြုလုပ်တယ်။ ပါဝင်ပစ္စည်းတွေဟာလည်း အစားအစာလုပ်ရာမှာ အ ရေးကြီးတဲ့ အခြေခံအချက် ဖြစ်တယ်၊ စားဖိုဆောင်မှာ အရည်အသွေးရှိ ကုန်ကြမ်းပစ္စည်းတွေသာ အသုံးပြုတယ်လို့ အမှုဆောင် ဒါရိုက်တာက ပြောပါတယ်။
ဆက်ဆံရေးလို့ဆိုရာမှာ စားသုံးသူ ဖောက်သည်တွေကို ဂရုစိုက်တာ၊ လေးစားတာ၊ ကောင်းသော ဝန်ဆောင်မှုပေးတာတို့ ဖြစ်တယ်၊ နစ်တယားမှာ ဝန်ထမ်းပေါင်း ၁,၂၀၁ ယောက်ရှိပြီး အလုပ်သမားတွေအချင်းချင်း ကောင်းမွန်စွာ ဆက်ဆံခြင်း၊ ကောင်းမွန်သော ခံစားခွင့်များရှိတဲ့အပြင် ဝန်ထမ်းအရည်အချင်း တိုးမြှင့်ရေးသင်တန်းတွေ ဖွင့်ပေးတယ်။
ဆိုင်ဖွင့်ရာမှာ တည်နေရာဟာလည်း အရေးကြီးပါတယ်။ ဝင်းခြံသီးသန့် Stand Alone နဲ့ ကျယ်ဝန်းသော ယာဉ်ရပ်နားနေရာရှိပြီး သွားလာရ အဆင်ပြေတဲ့ လမ်းကြောင်းတည့်တဲ့ နေရာမှာ ဖွင့်လှစ်တာ၊ လက်ရှိ ရောင်းအားအကောင်းဆုံးဆိုင်တွေမှာ ဘန်ကောက် ပချားနုကွန်းလမ်း၊ ဆဖန်းဖရနန့်ကောက် မီးပွိုင့်အနီး နဲ့ ပရချားချင့်လမ်းက ဆိုင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ကြက်ကင်နဲ့ သင်္ဘောသီးထောင်းမှာ ထိုင်းအရှေ့မြောက်ပိုင်း အီဆန်ဒေသ ရိုးရာအစားအစာဖြစ်ပေမဲ့ “နစ်တယား” ကို စတင်ထူထောင်သူ ခွန်ရဝီရတ် လတ်ဆန ကတော့ သူဟာ အီဆန်သူ မဟုတ်ဘူး၊ ဘန်ကောက်သူ ဖြစ်တယ်၊ ဒါပေမဲ့ အီဆန် အစားအစာတွေကို နှစ်သက်တယ်။ စားသောက်ဆိုင် ဖွင့်ထားပေမဲ့ သူက အချက်အပြုတ်မတော်ပါဘူး၊ မြည်းစမ်းတဲ့ နေရာမှာတော့ တော်တယ်၊ ဘယ်အစားအစာကို ဘယ်လို စားကောင်းအောင် ဘယ်လို ပြင်သင့်လဲဆိုတာတော့ ကောင်းကောင်းသိတယ်။ စားဖိုမှူးတွေကို စောင့်ကြည့်ပြီး ဟိုဟာထပ်ထည့် ဒီဟာထပ်ထည့် ပြောတတ်တယ်လို့ ဆိုပါတယ်။
အီဆန်ဒေသ အစားအစာဟာ ချဉ်စပ်စူးရှပြီး လေးလေးပင်ပင်ရှိတယ်၊ ဘန်ကောက်ကလူတွေ အဲဒီလောက်အစပ်မစားဘူး၊ ဒါကြောင့် အီဆန်အစားအစာကို ဘန်ကောက်အရသာ ပြုပြင်တယ်၊ ပထမဆုံး လာစားသွားသူတွေက စားကောင်းကြောင်း တခြားမှာ သွားပြောရင် (ကြော်ငြာရင်) သူတို့တွေ မျက်နှာမပျက်ဖို့ သူတို့ပြောတဲ့အတိုင်း တကယ်ကောင်းအောင် အမြဲလုပ်ဖို့ ဝန်ထမ်းတွေကို ပြောထားတယ်။ သူတို့ဆိုင် အခုလို ရပ်တည်လာတာမှာ ဒုတိယမျိုးဆက်ထိ ရောက်လာပါပြီလို့ သတင်းထောက်တွေကို ပြောသွားပါတယ်။
Source - TNN TV News / Thairath / Khaosod











