DVB Logo
Home
မြန်မာသတင်း
ICC က မင်းအောင်လှိုင်ကို ဖမ်းဝရမ်းချက်ချင်းထုတ်ရန် မြန်မာသံအမတ်ကြီး တောင်းဆို
DVB
·
November 13, 2025
ICC က မင်းအောင်လှိုင်ကို ဖမ်းဝရမ်းချက်ချင်းထုတ်ရန် မြန်မာသံအမတ်ကြီး တောင်းဆို
Donate to DVB

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC) အနေနဲ့  အကြမ်းဖက် စစ်ရာဇဝတ်သား မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ဆုံးဖြတ်ချက်ကို ချက်ချင်းချမှတ်ဖို့ လိုအပ်နေပြီလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။

နိုဝင်ဘာ ၁၁ ရက်က နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ အကြိမ် ၈၀ မြောက်၊ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ မျက်နှာစုံညီ အစည်းအဝေးရဲ့ "အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ အစီအရင်ခံစာ” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ သံအမတ်ကြီးက ခုလိုတင်ပြဆွေးနွေးခဲ့တာဖြစ်ပြီး တရားမဝင်အာဏာသိမ်း စစ်အုပ်စုက စီစဉ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ပယ်ချကြဖို့လည်း တိုက်တွန်းထားပါတယ်။

သံအမတ်ကြီးက အကြမ်းဖက်စစ်တပ်ရဲ့ ထပ်မံရက်စက်မှုတွေကို တားဆီးနိုင်ဖို့ ပြစ်မှု ကျူးလွန်ခြင်းခံရသူတွေအတွက် တရားမျှတမှု ရရှိစေဖို့နဲ့ အပြစ်ပေးအရေးယူခြင်းကနေ ကင်းလွတ်နေမှုကို အဆုံးသတ်ဖို့အတွက် မြန်မာနိုင်ငံအတွင်း ကျူးလွန်သည့် ရာဇဝတ်မှုတွေအပေါ် တရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုတဲ့ ပုဒ်မ ၁၂ (၃) ကြေညာချက်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးရဲ့ မှတ်ပုံတင်အရာရှိဆီ တင်ပြခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားထားပါတယ်။

ဒါပေမဲ့ အချိန်တနှစ်နီးပါး ကြာမြင့်လာတဲ့တိုင်အောင် တရားစွဲအရာရှိရဲ့ လျှောက်ထားချက်နဲ့ စပ်လျဉ်းပြီးတော့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မရှိသေးတဲ့အပေါ် မြန်မာပြည်သူတွေရဲ့ စိတ်ပျက်မှုတွေ ပိုကြီးမားလာတာကြောင့် တရားရုံးရဲ့ အချိန်မီ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လိုအပ်နေတဲ့အကြောင်းလည်း ပြောလိုက်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုတော့ ၂၀၂၄ နိုဝင်ဘာ ၂၇ ရက်တုန်းက အပြည်ပြည်ဆိုင်ရာဇဝတ်မှုတရားရုံး (ICC) ရှေ့နေချုပ် ကာရင်မ်ခမ်းက ဖမ်းဝရမ်းထုတ်ဖို့ အမှုဖွင့်တိုင်ကြားထားတာရှိသလို ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံကို အရေးယူပေးဖို့ ဂမ်ဘီယာနိုင်ငံက တရားလိုလုပ်ပြီး ကုလသမဂ္ဂရဲ့ အမြင့်ဆုံးခုံရုံးဖြစ်တဲ့ ICJ တရားရုံးမှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကတည်းက တိုင်ကြားထားတာလည်း ရှိနေပါတယ်။

အခုအခါမှာတော့ အကြမ်းဖက်စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲကို ပြုလုပ်ပြီးတော့ သူတို့ရဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့၊ အဆိုပါ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုကနေ ရှောင်လွှဲဖို့ သူတို့ရဲ့၊ တရားမဝင် အာဏာသိမ်းမှုကို လှည့်ဖြားဖို့  ကြိုးပမ်းနေတာကြောင့် ဖမ်းဝရမ်းထုတ်ဖို့ ဆုံးဖြတ်ချက်ကို ချက်ချင်းချမှတ်ဖို့ လိုအပ်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြလိုက်တာပါ။

ဒါ့အပြင် စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့နဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး တရားမျှတသော အနာဂတ်ကို ရရှိစေဖို့ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းမှုမှာ အဖွဲ့ဝင်နိုင်ငံ အားလုံးအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ခိုင်မာစွာ ရပ်တည်ကြဖို့လည်း တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013