
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေလို့ ပိတ်ထားတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က မုံရွာ-သာစည် ကျေးရွာလမ်းပိုင်းကို ဒီနေ့ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းကစပြီး ပြန်အသုံးပြုလို့ရပြီလို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
မုံရွာမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေကို မီးရှို့ပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲကို ပြန်ဝင်သွားပြီဖြစ်လို့ နိုဝင်ဘာ ၁၁ ရက်က ပိတ်ထားတဲ့ လမ်းကို ပြန်ဖွင့်ပေးလိုက်တာလို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၀ ရက်က မုံရွာမြို့နယ် သာစည်ထောင်ရွာကနေ စစ်ကြောင်းထိုး ထွက်လာတဲ့ စစ်ကြောင်းဟာ မုံရွာမြို့နယ် မြောက်ခြမ်းက ကျေးရွာတွေကို နယ်မြေရှင်းလင်း စစ်ကြောင်းထိုးပြီးနောက် တဲကြီးကုန်းရွာက နေအိမ် ၂ လုံး၊ ကိုးပင်ရွာက နေအိမ်တအိမ်ကို မီးရှို့သွားခဲ့သလို တော်လှန်ရေးတပ်တွေနဲ့လည်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က “ရွာတွေကို မီးရှို့သွားပြီးနောက် ၅၀၈ အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ၇ ကြိမ် ထုတယ်။ နမခ ကနေ တက်လာတဲ့ ပါရာမော်တာနဲ့ ၃ ကြိမ် ဗုံးကြဲတာ လုပ်တယ်ဗျ။ ညောင်ပင်လှရွာက ပြည်သူတဦးနဲ့ ကိုးပင်ရွာ ပြည်သူတဦး ဒဏ်ရာရတယ်” လို့ DVB ကို ပြောပါတယ်။
နိုဝင်ဘာ ၁၀ ရက်က အင်အား ၈၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဒါန်းပင်တဲရွာ၊ ကိုးပင်ရွာနဲ့ ထန်းပင်လှရွာတွေအနီးမှာ တိုက်ပွဲဖြစ်ကြပြီးနောက် စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာ ၁၁ ရက်မှာ အင်အား ၂၀၀ ကျော်လောက်နဲ့ ထပ်စစ်ကြောင်းထိုးတာတွေ လုပ်လို့ လမ်းကိုလည်း ပိတ်ထားခဲ့ရတာလို့ ဆိုပါတယ်။
နိုဝင်ဘာ ၇ ရက်ကလည်း မုံရွာမြို့နယ် မုံရွာ-မန္တလေးလမ်းမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၄ ယောက်ကို စစ်ကောင်စီတပ်က အိမ်စီးကားနဲ့ လိုက်ပစ်လို့ ၃ ယောက် သေဆုံးခဲ့ပါတယ်။











