
မြန်မာကျားဖြန့်လူကုန်ကူးမှု လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံသား ၂ ယောက်ကို အိန္ဒိယ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CBI) က ဖမ်းဆီးလိုက်တဲ့အကြောင်း The Hindu သတင်းတပုဒ်မှာ နိုဝင်ဘာ ၁၂ ရက်က ဖော်ပြပါတယ်။
သူတို့ ၂ ဦးရဲ့ နာမည်တွေကိုတော့ ဆိုယယ် အက်ခ်တာနဲ့ မိုဟစ် ဂီရီ တို့ဖြစ်တယ်လို့ ဖော်ပြထားပြီး CBI အနေနဲ့ ခုလို စုံစမ်းစစ်ဆေးမှုကာလအတွင်း နိုင်ငံခြားအွန်လိုင်းလိမ်လည်မှု အစုအဝေးတွေကိုယ်စား လုပ်ဆောင်နေတဲ့ အေးဂျင့်များစွာကို ဖော်ထုတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ခုလတ်တလော ဖမ်းဆီးလိုက်သူ ၂ ယောက်ဟာ ရာဂျာစ်သန်နဲ့ ဂူဂျာရတ်ပြည်နယ်တွေက အိန္ဒိယနိုင်ငံသားတွေကို လူကုန်ကူးခဲ့ကြတာဖြစ်ပြီး ပြစ်မှုအတွက် ပြစ်ဒဏ်ဟာ ထောင်ဒဏ် တသက်တကျွန်းအထိ သက်ရောက်နိုင်တယ်လို့လည်း ပြောပါတယ်။
CBI အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ မသင်္ကာဖွယ် အိန္ဒိယနိုင်ငံသား အမြောက်အမြားဟာ မြန်မာနိုင်ငံထဲက ကျားဖြန့်အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းတွေဆီ လူကုန်ကူးခံနေရပြီး မကြာခဏဆိုသလို ထိုင်းနိုင်ငံကတဆင့် လူကုန်ကူးခံနေရကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ရတယ်လို့လည်း ဆိုပါတယ်။
စနစ်တကျဖွဲ့စည်းထားတဲ့ နိုင်ငံတကာအဖွဲ့တဖွဲ့က လစာမြင့်မားတဲ့ အလုပ်အကိုင်တွေနဲ့ ပြည်ပနိုင်ငံတွေက ဆွဲဆောင်မှုရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိမယ်ဆိုကာ မှားယွင်းတဲ့ ကတိကဝတ်တွေပေးပြီးတော့ ဒီလူပုဂ္ဂိုလ်တွေကို ဆွဲဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာတော့ အိန္ဒိယ ကျားဖြန့်လုပ်သားတွေ ရာနဲ့ချီ အသုတ်လိုက်ခွဲပြီးတော့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေ အိန္ဒိယ လေတပ်လေယာဉ်နဲ့ နေရပ်ပြန် လည်ပို့ဆောင်ခဲ့ပါတယ်။
အဆိုပါ အိန္ဒိယနိုင်ငံသားတွေဟာ မြဝတီဘက်ခြမ်းက ကျားဖြန့်လုပ်ငန်း စီးနင်းမှုတွေ နောက်ပိုင်း ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်ထွက်ပြေးလာသူတွေ ဖြစ်ပါတယ်။
အိန္ဒိယသံရုံးက ကြေညာချက်မှာတော့ “အိန္ဒိယသံရုံး၊ ဘန်ကောက်နဲ့ ချင်းမိုင် အိန္ဒိယ ကောင်စစ်ဝန်ရုံးတွေဟာ ထိုင်းအစိုးရ အေဂျင်စီတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင် ရွက်ပြီးတော့ ခုလို နေရပ်ပြန်ပို့ခြင်း လုပ်ငန်းစဉ်တွေကို လွယ်ကူချောမွေ့စေခဲ့ပါတယ်။ ဒါဟာ ပြည်ပမှာ ဒုက္ခရောက်နေတဲ့ အိန္ဒိယနိုင်ငံသားတွေ ဘေးကင်းလုံခြုံမှုကို သေချာစေရေးအတွက် အိန္ဒိယအစိုးရရဲ့ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှု တစိတ်တပိုင်းဖြစ်ပါတယ်” လို့ ဖော်ပြပါတယ်။
လက်ရှိမှာတော့ အိန္ဒိယစုံစမ်းစစ်ဆေးရေးအေဂျင်စီတွေက သူတို့ကို မြဝတီ KK Park ကျားဖြန့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှု ရှိမရှိ သိရှိနိုင်ဖို့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရသလို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်ကနေ ၃၀ ရက်အတွင်း အိန္ဒိယနိုင်ငံသား ၄၆၅ ယောက်လောက် ထိုင်းနိုင်ငံ နယ်စပ်ဘက်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကတော့ နိုင်ငံသားတွေအနေနဲ့ ပြည်ပနိုင်ငံတွေက အလုပ်အကိုင် ကမ်းလှမ်းချက်တွေကို လက်မခံခင်မှာ နိုင်ငံခြားအလုပ်ရှင်တွေရဲ့ အထောက်အထားတွေကို အတည်ပြုပြီး အလုပ်ခန့်ထားရေးအေးဂျင်စီတွေရဲ့ ရှေ့ပြေးအခြေအနေကို စစ်ဆေးသင့်တယ်လို့ ပြောထားသလို အိန္ဒိယပတ်စ်ပို့ကိုင်ဆောင်သူတွေအတွက် ဗီဇာမဲ့ဝင်ရောက်ခွင့်ကို “ခရီးသွားလုပ်ငန်းနဲ့ ရေတိုစီးပွားရေးရည်ရွယ်ချက်တွေအတွက်သာ” ခွင့်ပြုထားပြီး အလုပ်အကိုင်အတွက် ရည်ရွယ်ထားတာ မဟုတ်ကြောင်းလည်း သတိပေးထားပါတယ်။
အခုနှစ် ဧပြီလတုန်းကတော့ ကုလသမဂ္ဂက တရုတ်နိုင်ငံနဲ့ အရှေ့တောင်အာရှရာဇဝတ် ဂိုဏ်းတွေရဲ့ ကျားဖြန့်အွန်လိုင်း ဆိုက်ဘာလိမ်လည်မှုစင်တာတွေကနေတဆင့် တနှစ်ကို အမေရိကန် ဒေါ်လာဘီလီယံပေါင်းများစွာ ရရှိနေတဲ့အကြောင်း သတိပေးခဲ့သလို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က အဆိုပါလုပ်ငန်းတွေဟာ တောင်အမေရိက၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ ဥရောပနဲ့ ပစိဖိတ် ကျွန်းစုဒေသတချို့အထိ ပျံ့နှံ့သွားခဲ့တယ်လို့ ပြောထားပါတယ်။
Source ; The Hindu










