
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရိုဟင်ဂျာ စက်လှေတိမ်းမှောက်မှု ဖြစ်ရပ်က ဒုက္ခသည်တွေရဲ့ အခြေအနေတွေ ပိုပြီးတော့ ဆိုးရွားလာနေတယ်ဆိုတာကို မီးမောင်းထိုးပြနေတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က နိုဝင်ဘာ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
ထိုင်း-မလေးရှား နယ်စပ်အနားက မလေးရှားရေပိုင်နက်၊ လန်ကာဝီကမ်းလွန်မှာ နစ်မြုပ်သွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ ခုလို ထုတ်ပြန်လိုက်တာပါ။
AI အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ ဂျိုးဖရီးမန်းက “အရှေ့တောင်အာရှပင်လယ်ပြင်ထဲ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ကြေကွဲဖွယ်ဖြစ်ရပ်ဟာ မြန်မာနိုင်ငံက ပဋိပက္ခတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ရင်ဆိုင်နေရတဲ့ အသက်အန္တရာယ်ရှိတဲ့ အခြေအနေတွေနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေ အတွင်းက ဆိုးရွားလာနေတဲ့ အခြေအနေတွေကို ထပ်မံပေါ်လွင်စေပါတယ်” လို့ ပြောပါတယ်။
နစ်မြုပ်သွားတဲ့ စက်လှေပေါ်မှာ ရိုဟင်ဂျာ ၇၀ လောက် ပါတယ်လို့ ယုံကြည်ရပြီး လူ ၂၃၀ လောက် လိုက်ပါလာတဲ့ တခြားလှေတစီးရဲ့ အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ မလေးရှားအာဏာပိုင်တွေက ပြောထားပါတယ်။
လတ်တလောအချိန်ထိ အဆိုပါ စက်လှေနစ်မြုပ်မှုကနေ ဆယ်ကျော်သက် မိန်းကလေး ၂ ယောက် အပါအဝင် အနည်းဆုံး ရိုဟင်ဂျာဒုက္ခသည် ၂၁ ယောက် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ အေဂျင်စီတွေက ပြောကြားခဲ့သလို အသက်ရှင်ကျန်ရစ်သူ ၁၃ ယောက်ကို မလေးရှား အာဏာပိုင်တွေက ကယ်တင်နိုင်ခဲ့ပေမဲ့ အများအပြား ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
AI အဖွဲ့က ဂျိုးဖရီးမန်းကတော့ “မြန်မာနိုင်ငံမှာ ရိုဟင်ဂျာအရပ်သားတွေဟာ အစားအစာရှားပါးမှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ မတရားဖမ်းဆီးခံရမှုနဲ့ သွားလာခွင့် ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်နေရပြီး မြန်မာစစ်အုပ်စုနဲ့ အာရက္ခတပ်တော် (AA) တို့ကြား ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဒုက္ခသည်စခန်းတွေဆီ တွန်းပို့ခံနေရပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်ရဲ့ ရန်ပုံငွေဖြတ်တောက်မှုကြောင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်စရာ နေရာ၊ ပညာရေးဝန်ဆောင်မှုနဲ့ အကူအညီတွေ ပြတ်လပ်မှုတွေ ဖြစ်ပေါ်လာပြီး လူမှုအသိုက်အဝန်းတွေအပေါ် ဖိအားတွေ ပိုမိုများပြားလာစေကာ လူတွေကို လှေနဲ့ထွက်ပြေးဖို့ အန္တရာယ်ရှိတဲ့ ရွေးချယ်မှုကို ရှာဖွေဖို့ ပိုမိုဖိအားပေးလာနေပါတယ်” လို့ ပြောပါတယ်။
မလေးရှားနဲ့ ထိုင်းအစိုးရတွေဟာ ဒီကြေကွဲဖွယ်ဖြစ်ရပ်ကနေ အသက်ရှင်ကျန်ရစ်သူတွေအတွက် ပြည့်စုံတဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ညှိနှိုင်းဆောင်ရွက်ပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီနဲ့ မြန်မာနိုင်ငံကို အတင်းအကျပ် ပြန်ပို့ခံရမှုကနေ ကာကွယ်မှုတွေ ပေးအပ်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် နယ်စပ်က လှေတွေကို မောင်းထုတ်တဲ့ ဆင်ခြင်တုံတရားမဲ့တဲ့ အလေ့အကျင့်ကို အဆုံးသတ်ရမှာဖြစ်ပြီး ဒေသဆိုင်ရာ အစိုးရတွေအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ တင်ဆောင်လာတဲ့ လှေတွေကို အနီးဆုံးနိုင်ငံမှာ ဘေးကင်းစွာ ဆိုက်ကပ်ခွင့်ပြုဖို့နဲ့ အာဆီယံခေါင်းဆောင်တွေအနေနဲ့လည်း ပင်လယ်ပြင်ထဲ ရှည်လျားစွာ တည်ရှိနေတဲ့ ရိုဟင်ဂျာလှေတွေရဲ့ ပြဿနာအပြင် မြန်မာနိုင်ငံထဲ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခကို ဖြေရှင်းဖို့ ပြတ်ပြတ်သားသား လုပ်ဆောင်ရမယ်လို့လည်း ပြောလိုက်ပါတယ်။
Source: Amnesty International










