
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ စစ်တပ်က မြေပြင်စစ်ကြောင်း ၂ ကြောင်းနဲ့ တပြိုင်တည်း ဝင်ရောက်လာတဲ့အတွက် ဒေသခံပြည်သူ ၅,၀၀၀ ကျော် ထွက်ပြေးနေကြရသလို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း အမျိုးသမီးတယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၀ ရက် ညပိုင်းနဲ့ နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းတွေမှာ ခင်ဦးမြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေဘက်ကို လေကြောင်းတိုက်ခိုက်လို့ အသက် ၂၀ ကျော် အမျိုးသမီးတယောက် သေဆုံးကာ ၂ ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
မနက်ပိုင်းမှာ ခင်ဦးအနောက်မြောက်ခြမ်းက ရှားတောနဲ့ ငါးရုံကြီးရွာတွေဘက်ကို ကန့်ဘလူနယ်ဘက်က အင်အား ၁၀၀ လောက်ပါတဲ့ ခြေလျင်စစ်ကြောင်းထိုးလာတာဖြစ်ပြီး နေ့လယ်ပိုင်းမှာ ရေဦးမြို့ဘက်ကနေ အင်အား ၈၀ ဝန်းကျင်နဲ့ တက်လာတဲ့ စစ်ကြောင်းက သရက်ပင်စုရွာကနေ မြင်းကျနဲ့ သာဝတ္ထိရွာဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။
အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းတွေကြောင့် ငါးရုံကြီး၊ ရှားတော၊ ကျောက်တိုင်၊ ကျီစု၊ မုံလှ၊ သာဝတ္ထိ၊ မြင်းကျ၊ သရက်တော၊ ကင်းပြစ်၊ ကျွန်းတောလေး(ဥယျာဉ်)၊ ကျွန်းတောကြီး၊ မန်ကျီးအုပ်၊ ယာတော်၊ မြင်းဒေါင်း၊ သရက်ပင်စု၊ သက်သာပန်းတောင်းကျေးရွာတွေက ပြည်သူ ၅,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက “စစ်တပ်ဘက်က စစ်ကြောင်းတွေလို ကြောက်လို့ ထွက်ပြေးလာရတဲ့ ပြည်သူတွေဟာ ၅,၀၀၀ လောက် ရှိတယ်လို့ ခန့်မှန်းတယ်။ အဲဒီထက်လည်း အများကြီးပိုနိုင်ပါတယ်။ စစ်တပ်က မြေပြင်ကနေ စစ်ကြောင်းထိုးတာတွေတင် မကဘဲ ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်တာတွေပါ ရှိနေလို့ ပြည်သူတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိနေတယ်” လို့ DVB ကို ပြောပါတယ်။
ခင်ဦးမြို့နယ် ရှားတောရွာကို စစ်တပ်က နိုဝင်ဘာ ၁၁ ရက် မနက် ၈ နာရီလောက်မှာ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
ရှားတောရွာသားတယောက်က “စစ်ကြောင်းက ကန့်ဘလူမြို့နယ် ဝက်တိုးရွာက ထွက်လာတဲ့ စစ်ကြောင်းပါဗျ။ စစ်ကြောင်းက ကန့်ဘလူမြို့နယ် ယင်းတိုက်ရွာကနေ ကျနော်တို့ ခင်ဦးမြို့နယ်ဘက် ဖြတ်တက်လာတာဗျ။ အင်အား၁၀၀ ကျော် ပါမယ်လို့ ယူဆရတယ်။ ယင်းတိုက်ရွာက ပြည်သူတချို့လည်း ဖမ်းဆီးခံရတယ်လို့လည်း သိထားရတယ်။ ကျနော်တို့အနေနဲ့ အတည်တော့ မပြုနိုင်သေးဘူး ကြားရတဲ့သတင်းကို ပြောရတာပါ။ ကျနော်တို့ ရှားတော ဒေသခံတွေကတော့ လက်ရှိ ရွာထဲကနေ ထွက် ပြေးနေကြရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ နိုဝင်ဘာလအတွင်း ခင်ဦးမြို့နယ်အတွင်းကို ပထမဆုံးအကြိမ် မြေပြင်စစ်ကြောင်းထိုးလာတာလို့ ဆိဆိုပါတယ်။
ခင်ဦးဒေသခံကာကွယ်ရေး ခေါင်းဆောင်တယောက်က “အင်အားကတော့ များတယ်ဗျ။ အခု ရှားတောရွာဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ထမင်းချက်စားနေတယ်လို့ သိထားရတယ်။ ရွာထဲကနေ မထွက်သေးဘူး။ ကျနော်တို့အမြင်ကတော့ စစ်တပ်က ပြည်သူတွေ ဒုက္ခရောက်အောင် သီးနှံရိတ်ချိန်၊ သိမ်းချိန်မှ စစ်ကြောင်းထိုးလာတာ။ ပြည်သူတွေရဲ့ စပါးနဲ့ မြေပဲတွေကို သူတို့ရိက္ခာအတွက် လုယူဖို့ ထွက်လာတာပဲနေမယ်။ ကျနော်တို့အနေနဲ့ အနီးကပ်စောင့်ကြည့် နေပါတယ်” လို့ ပြောပါတယ်။
ခင်ဦးမြို့နယ် အရှေ့ခြမ်းမှာ တည်ရှိတဲ့ ရှားတောရွာဟာ အိမ် ခြေ၃၀၀ ကျော်ရှိပြီး ပြည်သူတွေကတော့ စစ်ကောင်စီ စစ်ကြောင်းက ရွာမီးရှို့မှာကို စိုးရိမ်နေကြပါတယ်။
ခင်ဦး၊ ကန့်ဘလူ၊ ရေဦးမြို့နယ်အစပ်က ကျေးရွာတွေမှာ နေထိုင်ကြတဲ့ မိဘပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းအပြင် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေကို အထူးသတိပြု နေထိုင်ကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။











