
တရုတ်နိုင်ငံသား ယုရှန်နီဟာ အန္တာတိကတိုက် ရေခဲပြင်ပေါ်မှာ မိုင် ၁၀၀ မာရသွန်ကို ၂၂ နာရီ၊ မိနစ် ၄၀၊ ၄၇ စက္ကန့်နဲ့ ပန်းဝင်ပြီး စံချိန်သစ်တင်လိုက်ပါတယ်။
သူဟာ မာရသွန်နဲ့ အာလ်ထရာမာရသွန်ပေါင်း ၅၀၀ ကျော် ပြေးခဲ့ဖူးတဲ့ အတွေ့အကြုံရင့် အပြေးသမားတယောက် ဖြစ်ပါတယ်။
သူ့ရဲ့စံချိန်သစ်ဟာ ၂၀၂၄ ခုနှစ်က ပေါလ်ဂျွန်ဆင်နဲ့ ရော့ဘ်ဆမ်ဘီယန်တီတို့ တင်ထားတဲ့ ၂၃ နာရီ ၂၂ မိနစ် ၅၇ စက္ကန့် စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အာလ်ထရာမာရသွန် ပြေးပွဲတွေဟာ သမားရိုးကျ မာရသွန်တွေလို ၂၆ မိုင်ပဲ မဟုတ်ဘဲ မိုင် ၅၀၊ မိုင် ၁၀၀ ဒါမှမဟုတ် ဒီထက်ပိုပြီး ဝေးဝေးပြေးရတာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့တဲ့ ဒီအပြေးပွဲကို အပူချိန် အနုတ် ၁၅ ဒီဂရီဆဲလ်စီးယပ်စ်မှာ ပြေးခဲ့ရတာ ဖြစ်ပါတယ်။
နေရောင်ရှိပေမဲ့လည်း အပြေးသမားတွေဟာ နှင်းကိုက်တဲ့ဒဏ်ကို ရင်ဆိုင်ခဲ့ရပြီး လမ်းတလျှောက်မှာ အကူအညီပေးရေးစခန်းတွေ စီစဉ်ပေးထားခဲ့ကြောင်း သိရပါတယ်။
ညအချိန်မှာတော့ အပူချိန်က အနုတ် ၃၀ ဒီဂရီအထိ ကျဆင်းခဲ့ပြီး လေတိုက်နှုန်းကြောင့် အနုတ် ၃၅ ဒီဂရီအထိ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။











