
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ်ရဲ့ သမက်ဖြစ်သူ ဂျရက်ကုရှ်နာ ဦးဆောင်တဲ့အဖွဲ့ဟာ ဂါဇာ အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့် လုပ်ငန်းစဉ်တွေ ညှိနှိုင်းဖို့ အစ္စရေးနိုင်ငံကို နိုဝင်ဘာ ၁၀ ရက်နေ့မှာ ရောက်ရှိလာပြီး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဂါဇာက အစ္စရေးစစ်တပ် ထိန်းချုပ်ထားဇုန်ထဲက ရာဖာမြို့ ဥမင်တွေထဲမှာ ဟားမတ်စ်တိုက်ခိုက်ရေးသမား ၂၀၀ လောက် ပိတ်မိနေတဲ့ ကိစ္စနဲ့ နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့တွေ လွှတ်ဖို့ ကိစ္စ နှစ်ခုစလုံးကိုလည်း အာရုံစိုက် ညှိနှိုင်းခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီဒုတိယအဆင့်မှာ ဟားမတ်စ်လက်နက်ဖြုတ်သိမ်းရေး၊ ဂါဇာကို စစ်မဲ့ဇုန်ဖြစ်အောင်လုပ်ရေးနဲ့ နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့တွေ ထားရှိရေးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့တွေထားဖို့ ရှင်းလင်းတဲ့ မူဘောင်တခုခု မရှိသေးဘူးလို့ အဓိက ကြားဝင်ညှိနှိုင်းပေးနေတဲ့ ယူအေအီးနိုင်ငံက ထုတ်ပြန်ပါတယ်။
ပိတ်မိနေတဲ့ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေကို လက်နက်ဖြုတ်သိမ်းပြီး ဂါဇာကမ်းမြောင် ဟားမတ်စ်ထိန်းချုပ်ထားတဲ့ ဘက်ခြမ်းကို ပြန်ပို့ဖို့ အမေရိကန်က အဆိုပြုထားပေမဲ့ အစ္စရေးဘက်က လက်တွန့်နေဆဲ ဖြစ်ပါတယ်။
ဂါဇာကို အလွယ်နည်းနဲ့ဖြစ်ဖြစ်၊ အခက်နည်းနည်းနဲ့ဖြစ်ဖြစ် လက်နက်ဖြုတ်သိမ်းသွားမယ်လို့ နေတန်ယာဟုက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဂါဇာအရေး မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်အားလုံးကို ထရမ့်ပ်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း အစ္စရေးအစိုးရ ပြောခွင့်ရသူက ပြောပါတယ်။
Source:Reuters











