
အိန္ဒိယ ကျားဖြန့်လုပ်သား ၂၀၀ နီးပါးကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေ အိန္ဒိယ လေတပ်လေယာဉ်နဲ့ နိုဝင်ဘာ ၁၀ ရက်မှာ နေရပ်ထပ်မံပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ The Hindu သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒီစစ်ဆင်ရေးအတွက် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်ဟာ မဲဆောက်မြို့ကို သွားရောက်ခဲ့တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံးက ပြောပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး နာဂက်ရှ်ဆင်းကတော့ ဒေသတွင်း ဆိုက်ဘာလိမ် လည်မှုတွေ၊ လူကုန်ကူးမှုတွေအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ တိုက်ဖျက်နိုင်ဖို့ နှစ်နိုင်ငံ သက်ဆိုင်ရာအေဂျင်စီတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့အတွက် ခိုင်မာတဲ့ ကတိကဝတ်ကို အတည်ပြုခဲ့ကြတဲ့အကြောင်း မဲဆောက်မြို့မှာ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီးနောက် သံရုံးကြေညာချက်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်ကလည်း အိန္ဒိယလေတပ်ဟာ မြဝတီ KK Park ကျားဖြန့်လုပ်ငန်းကနေ ထွက်ပြေးလာတဲ့ အိန္ဒိယနိုင်ငံသားတွေထဲက အယောက် ၂၇၀ ကို နေရပ်ပြန်ပို့ခဲ့ရပြီး သူတို့ဟာ ကျားဖြန့်လုပ်ငန်းစီးနင်းမှုတွေနောက်ပိုင်း ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်ထွက်ပြေးလာသူတွေ ဖြစ်ပါတယ်။
“အိန္ဒိယသံရုံး၊ ဘန်ကောက်နဲ့ ချင်းမိုင် အိန္ဒိယကောင်စစ်ဝန်ရုံးတွေဟာ ထိုင်းအစိုးရ အေဂျင်စီတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ပြီးတော့ ခုလို နေရပ်ပြန်ပို့ခြင်း လုပ်ငန်း စဉ်တွေကို လွယ်ကူချောမွေ့စေခဲ့ပါတယ်။ ဒါဟာ ပြည်ပမှာ ဒုက္ခရောက်နေတဲ့ အိန္ဒိယနိုင်ငံသားတွေ ဘေးကင်းလုံခြုံမှုကို သေချာစေရေးအတွက် အိန္ဒိယအစိုးရရဲ့ စဉ် ဆက်မပြတ် ကြိုးပမ်းအားထုတ်မှု တစိတ်တပိုင်းဖြစ်ပါတယ်” လို့ အိန္ဒိယသံရုံးက ကြေညာချက်မှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ အိန္ဒိယစုံစမ်းစစ်ဆေးရေးအေဂျင်စီတွေက သူတို့ကို မြဝတီ KK Park ကျားဖြန့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ ပါဝင်ပတ် သက်မှုရှိမရှိ သိရှိနိုင်ဖို့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရသလို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်ကနေ ၃၀ ရက်အတွင်း အိန္ဒိယနိုင်ငံသား ၄၆၅ ယောက်လောက် ထိုင်းနိုင်ငံနယ်စပ်ဘက်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကတော့ နိုင်ငံသားတွေအနေနဲ့ ပြည်ပနိုင်ငံတွေက အလုပ်အကိုင် ကမ်းလှမ်းချက်တွေကို လက်မခံခင်မှာ နိုင်ငံခြားအလုပ်ရှင်တွေရဲ့ အထောက်အထားတွေကို အတည်ပြုပြီး အလုပ်ခန့်ထားရေးအေးဂျင်စီတွေရဲ့ ရှေ့ပြေးအခြေအနေကို စစ်ဆေးသင့်တယ်လို့ ပြောထားသလို အိန္ဒိယပတ်စ်ပို့ကိုင်ဆောင်သူတွေအတွက် ဗီဇာမဲ့ဝင်ရောက်ခွင့်ကို “ခရီးသွားလုပ်ငန်းနဲ့ ရေတိုစီးပွားရေးရည်ရွယ်ချက်တွေအတွက်သာ” ခွင့်ပြုထားပြီး အလုပ်အကိုင်အတွက် ရည်ရွယ်ထားတာ မဟုတ်ကြောင်းလည်း သတိပေးထားပါတယ်။
အခုနှစ် ဧပြီလတုန်းကတော့ ကုလသမဂ္ဂက တရုတ်နိုင်ငံနဲ့ အရှေ့တောင်အာရှရာဇဝတ် ဂိုဏ်းတွေရဲ့ ကျားဖြန့်အွန်လိုင်း ဆိုက်ဘာလိမ်လည်မှုစင်တာတွေကနေတဆင့် တနှစ်ကို အမေရိကန် ဒေါ်လာဘီလီယံပေါင်းများစွာ ရရှိနေတဲ့အကြောင်း သတိပေးခဲ့သလို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က အဆိုပါလုပ်ငန်းတွေဟာ တောင်အမေရိက၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ ဥရောပနဲ့ ပစိဖိတ် ကျွန်းစုဒေသတချို့အထိ ပျံ့နှံ့သွားခဲ့တယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂက ကမ္ဘာတဝန်း ကျားဖြန့်အွန်လိုင်း လိမ်လည်မှုစင်တာတွေမှာ လူပေါင်း သိန်းနဲ့ချီ အလုပ်လုပ်နေကြကြောင်းလည်း ခန့်မှန်းထားပါတယ်။
Source: The Hindu Newspaper










