
ငှက်ပျောသီး တိပ်ကပ်အနုပညာကို ဖန်တီးခဲ့သူ မော်ရီဇီယို ကက်တာလန်ရဲ့ “အမေရိက” လို့ နာမည်ပေးထားတဲ့ ၁၈ ကာရက် ရွှေအိမ်သာကို နိုဝင်ဘာ ၁၈ ရက်ကျရင် နယူးယောက်မြို့က Sotheby's လေလံဌာနမှာ လေလံတင်သွားမှာ ဖြစ်ပါတယ်။
လေလံကြမ်းခင်းစျေးဟာ လက်ရာရဲ့ ရွှေအလေးချိန် ၁၀၁ ဒသမ ၂ ကီလိုဂရမ်ရဲ့ တန်ဖိုး၊ ဒေါ်လာ ၁၀ သန်းကို အခြေခံထားပြီး ရွှေစျေး အတက်အကျပေါ်မှာလည်း မူတည်နေပါတယ်။
Sotheby's ရဲ့ အဆိုအရ ဒီလို ကုန်ကြမ်းတန်ဖိုးနဲ့ ကြမ်းခင်းစျေးကို တိုက်ရိုက် ချိတ်ဆက်ထားတာဟာ ကုန်ပစ္စည်းတန်ဖိုးနဲ့ အနုပညာတန်ဖိုးအကြား ခြားနားချက်ကို မေးခွန်းထုတ်တဲ့ ကက်တာလန်ရဲ့ ရည်ရွယ်ချက်ကို ထင်ဟပ်နေပါတယ်။
“အမေရိက” ရွှေအိမ်သာဟာ အမှန်တကယ် အသုံးပြုလို့ရပြီး ကြွယ်ဝမှုအပေါ် သရော်လှောင်ပြောင်ထားတဲ့ လက်ရာ ဖြစ်ပါတယ်။
ဒီလက်ရာကို ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း နယူးယောက်မြို့က Guggenheim ပြတိုက်မှာ စတင်ပြသခဲ့ပြီး ၂၀၁၉ ခုနှစ်တုန်းက ဗြိတိန်နန်းတော်ကနေ အခိုးခံခဲ့ရလို့ နာမည်ကြီးခဲ့ပါတယ်။
အခိုးခံရတဲ့ မူရင်းလက်ရာကို အရည်ကြိုရောင်းချခဲ့တယ်လို့ ယူဆရပြီး အခု လေလံတင်မယ့်ဟာက နောက်ဆုံးကျန်ရှိနေတဲ့ မူရင်းပွား ဖြစ်ပါတယ်။
ကက်တာလန်ရဲ့ နာမည်ကြီး ငှက်ပျောသီးတိပ်ကပ်လက်ရာ “Comedian” ဟာ ၂၀၂၄ ခုနှစ်တုန်းက ဒေါ်လာ ၆ ဒသမ ၂ သန်းနဲ့ ရောင်းချခဲ့ရပါတယ်။
ဒီရွှေအိမ်သာကို နိုဝင်ဘာ ၈ ရက်ကတည်းက အများပြည်သူ ကြည့်ရှုခွင့် ပေးထားပေမဲ့ အသုံးပြုခွင့်နဲ့ ရေဆွဲချခွင့်တော့ မပြုထားပါဘူး။
Source: Reuters











