
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေသူတွေအားလုံးနဲ့အတူ ရပ်တည်နေတယ်လို့ နော်ဝေသံရုံး အကြီးအကဲက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးအကြီးအကဲ အဲလိဇ်ဘက်ရွှာဘဲဟန်ဆန်ဟာ ယူကေသံရုံးက စီစဉ်ကျင်းပတဲ့ အောက်မေ့ဖွယ် တနင်္ဂနွေနေ့ အခမ်းအနားကို ရန်ကုန်၊ ထောက်ကြန့် စစ်သင်္ချိုင်းမှာ တက်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၉ ရက်က ထုတ်ပြန်ရာမှာ အခုလို ပြောကြားလိုက်တာပါ။
အောက်မေ့ဖွယ် တနင်္ဂနွေနေ့အခမ်းအနားဟာ ပြီးခဲ့တဲ့ ကမ္ဘာစစ်ကြီး ၂ ခုအတွင်း လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အသက်ပေးခဲ့သူတွေကို ဂုဏ်ပြုအမှတ်အသားပြုတဲ့နေ့ ဖြစ်ပြီး အနီရောင် ဘိန်းပန်းတွေနဲ့လည်း အမှတ်အသားပြုလေ့ ရှိပါတယ်။
အလားတူ မြန်မာနိုင်ငံမှာလည်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့သူတွေကို အောက်မေ့အမှတ်ရလျက်ရှိသလို ဆက်လက်တိုက်ပွဲဝင်နေသူတွေ အားလုံးနဲ့အတူ ရပ်တည်နေတယ်လို့ နော်ဝေသံရုံး အကြီးအကဲက ပြောပါတယ်။
ရန်ကုန်အခြေစိုက် ဗြိတိသျှသံရုံးကတော့ ဒီဘိန်းပန်းလေးတွေက အောက်မေ့သတိရခြင်းနဲ့ မျှော်လင့်ခြင်းရဲ့ အမှတ်သင်္ကေတတခုဖြစ်တယ်၊ အပြုသဘောဆောင်တဲ့ အနာဂတ်နဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာအတွက် မျှော်လင့်ချက်ကိုလည်း ကိုယ်စားပြုတယ်လို့ သံရုံးရဲ့ လူမှုကွန်ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဒီဘိန်းပန်းလေးတွေက လွတ်လပ်ရေးလမ်းစဉ်တွေကို ကာကွယ်ဖို့ အသက်ပေးခဲ့ကြရတဲ့ ဗြိတိသျှနဲ့ ဓနသဟာယနိုင်ငံတွေက အမှုထမ်းတွေ အားလုံးကို လွမ်းဆွတ်တမ်းတ အောက်မေ့သတိရတာ ဖြစ်သလို ယနေ့တိုင် ဆက်လက် တာဝန်ထမ်းရွက်နေသူတွေကို အသိအမှတ်ပြုတဲ့ အမှတ်သင်္ကေတတခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် နိုဝင်ဘာ ၉ ရက်မှာ ကျရောက်တဲ့ ယူကေရဲ့ ‘အောက်မေ့ဖွယ်တနင်္ဂနွေနေ့’ ကို အမှတ်ရတဲ့အနေနဲ့ သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်မှာ အနီရောင် ဘိန်းပန်းပုံ Profile ပြောင်းလဲထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။










