
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ဆူးလေကုန်းရွာမှာ ချောင်းထဲမျောသွားတဲ့နွားကို လိုက်ဆယ်တဲ့လူ ရေနစ်သေဆုံးခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မီးသတ်တပ်ဖွဲ့ဆီကနေ သိရပါတယ်။
နိုဝင်ဘာ ၈ ရက် ဒီမနက် ၁၁ နာရီလောက်က ဆူးလေကုန်းရွာ ထုံးကြီးချောင်းထဲ နွားမျောသွားတာကို လိုက်လံဆယ်ယူခဲ့တဲ့ အမျိုးသားတယောက် ရေနစ်ခဲ့ပြီး သူ့ကို လိုက်လံကယ်ဆယ်ခဲ့ပေမဲ့ ၁၁ နာရီ ၈ မိနစ်မှာ သေဆုံးနေတဲ့ ရုပ်အလောင်းကို ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။
ဆူးလေကုန်းကျေးရွာမှ ဒေသခံက “လိုက်ဆယ်တဲ့သူက ရေနစ်သေတာ။ နွားလည်းပြန်မရဘူး။ မီးသတ်ကလူတွေကို ဖုန်းဆက် အကြောင်းကြားတယ်။ သူတို့လိုက်ရှာရင်းနဲ့မှ အဲဒီအမျိုးသားရဲ့ dead body ကိုတွေ့တာ” လို့ ပြောပါတယ်။
ရေနစ်သေဆုံးသွားတဲ့ အမျိုးသားရဲ့ရုပ်လောင်းကို လူမှုကူညီရေးအသင်းယာဉ်နဲ့ ကျောက်ဆည်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဆီကို ကူညီပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့ကလည်း မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်က ငါးကန်မှာ အမျိုးသားတယောက် ရေနစ်သေဆုံးခဲ့ပါသေးတယ်။










