
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာ စာသင်ကျောင်းကို နိုဝင်ဘာ ၇ ရက်မှာ စစ်တပ်က ဗုံးကြဲတာကြောင့် စစ်ရှောင်ပြည်သူ ၄ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေပြည်ကျေးရွာစာသင်ကျောင်းမှာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ မတ္တရာအရှေ့ခြမ်းနဲ့ မြောက်ခြမ်းက စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေကြတာဖြစ်ပါတယ်။
ဒေသခံတယောက်က “စုစုပေါင်း ၄ ကြိမ်ကို ကြဲချသွားတာ။ ကျနော်တို့ယာခင်းမှာ အလုပ်လုပ်နေတဲ့အချိန် လာကြဲချတာဆိုတော့ လေယာဉ်ကြဲချတာကို အတိုင်းသားမြင်နေရတယ်။ တခါ တခါ လာကြဲပြီဆိုရင် လေယာဉ်ခေါင်းကြီးက ရွာပေါ်ကို စိုက်စိုက်ပြီးကြဲတာ။ သေဆုံးတာများမယ်လို့ ယူဆရတယ်။ အဲကျောင်းမှာက မတ္တရာဘက်ကနေ စစ်ဘေးရှောင်တွေ နေကြတာ။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးအမျိုးသားတွေ အရွယ်စုံပဲ နေကြတာ” ပြောပါတယ်။
ရွှေပြည်ကျေးရွာဟာ စဉ့်ကူးမြို့နဲ့ မတ္တရာမြို့အစပ် မန္တလေး - မတ္တရာ - မိုးကုတ် ကားလမ်းပေါ်မှာရှိပြီး မနေ့ နေ့ခင် ၁ နာရီ ၂၅ မိနစ်ကနေ ၃၁ မိနစ်အတွင်း ဗုံး ၄ ကြိမ် ကြဲသွားတာဖြစ်ပါတယ်။
စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တယောက်က “ကျနော်တို့သိထားရတာက ကနဦး ၄ ဦးလို့ သိထားရတယ်ဗျ။ ဒဏ်ရာရထားတဲ့ပြည်သူကများတယ်။ ထပ်သေဆုံးသူတွေလည်း ရှိသေးတယ်။ လက်ရှိသေဆုံးတာက မိန်းကလေး ၃ ယောက်နဲ့ ယောကျာ်း ၁ ယောက်ပါ။ အဲဒီ သေဆုံး ၄ ဦးထဲက မတ္တရာဘက်က စစ်ရှောင် ၃ ဦး ပါတယ်” လို့ ပြောပါတယ်။
မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းအများအပြားနဲ့ ထိုးစစ်ဆင်နေတာကြောင့် ဒေသခံပြည်သူတွေဟာ မတ္တရာမြို့နဲ့ထိစပ်နေတဲ့ မြိုနယ်တွေဘက်မှာ စစ်ဘေးရှောင် နေကြရတာ ၃ လ ကျော် ကြာနေပြီဖြစ်ပါတယ်။
မတ္တရာမြို့နဲ့ထိစပ်နေတဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်းက စစ်ကိုင်း၊ ဝက်လက်မြို့နယ်တို့မှာလည်း မတ္တရာနည်းတူ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံအများစုဟာ စဉ့်ကူးမြို့နယ်အတွင်းကို စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။










