DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာပွဲစား အသတ်ခံရမှု တရားခံ ၁ ဦး ဖမ်းမိ၊ ကျန် ၄ ဦးကို အပူတပြင်းရှာဖွေ
DVB
·
July 28, 2026
Photo: Amarin TV News 
Photo: Amarin TV News 
Donate to DVB

ထိုင်းအရှေ့ပိုင်း ပရာကျင်းပူးရီးခရိုင်  ဆရီမဟာဖိုးထိမြို့ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေ့ပြောင်း အလုပ်သမားကတ်တွေ ဝန်ဆောင်လုပ်ကိုင်ပေးနေတဲ့ မြန်မာ ၁ ယောက် ဓားထိုးခံရပြီး သေဆုံးသွားတဲ့နောက် ရဲတွေက တရားခံ ၅ ယောက်ကို  လိုက်လံရှာဖွေနေတာမှာ  ၁ ယောက် ဖမ်းဆီးရမိပြီး ကျန် ၄ ယောက်ကို အပူတပြင်းလိုက်လံရှာဖွေနေတယ်လို့ Thairath ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက် ညနေ ၆ နာရီခွဲလောက်က  ဆရီမဟာဖိုးထိမြို့  ထာ့တုမ်အုပ်စု ပူယိုင်းပိုင်ရပ်ကွက်ထဲမှာ ဓားထိုးမှုဖြစ်ပွားပြီး ဒဏ်ရာရသူရှိကြောင်း တိုင်ကြားချက်ရတာကြောင့် ဆရီမဟာဖိုးထိနယ်မြေရဲစခန်း တာဝန်ကျရဲမှူးနဲ့ တာဝန်ရှိသူတွေက လာရောက်စစ်ဆေးခဲ့ကြပါတယ်။ 

အခင်းဖြစ်ပွားတဲ့နေရာမှာ အသက် ၄၀ အရွယ် မြန်မာလုပ်သား ဇေထူးအောင် ဆိုသူ ရင်ဘတ်မှာ ဓားထိုးရာ ၂ ချက်၊ ဝမ်းဗိုက်မှာ ၄ ချက် ဒဏ်ရာရပြီး နောက်ထပ် စောနေထူး (၂၃ နှစ်) က ကျောကုန်းမှာ ဓားထိုးရာရတာကြောင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက မြို့နယ်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဇေထူးအောင်မှာ ဒဏ်ရာပြင်းထန်လွန်းတာကြောင့် ဆေးရုံရောက်ပြီး မကြာခင် သေဆုံးသွားပါတယ်၊ စောနေထူးကတော့ အသက်အန္တရာယ်မှ ကင်းလွတ်ပြီး ဒဏ်ရာကို ဆက်လက် ကုသနေရဆဲလို့ ဆိုပါတယ်။ 

အနီးနားရှိ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အရ ဇေထူးအောင်မှာ ရွှေ့ပြောင်းလုပ်သားတွေအတွက် အထောက်အထားနဲ့ အလုပ်သမားကတ်တွေကို အခကြေးငွေယူပြီး ဆက်သွယ်ဝန် ဆောင် ပေးနေသူဖြစ်တယ်။ အဲဒီညနေက မြန်မာလုပ်သား ၅ ယောက်ဟာ ဆိုင်ကယ် ၂ စီးနဲ့ ရောက်လာကြတယ်။ သူတို့ထဲက ဇော်ဝင်းဌေး ဆိုသူက သူ့ရဲ့လက်မှတ်ကိစ္စ လာမေးတယ်၊ ဇေထူးအောင်က နောက်ထပ် ၂ ရက်မှ ပြန်လာဖို့ ချိန်းဆိုတယ်။ ယခင်ကလည်း ခဏခဏချိန်းဆိုပြီး လာတိုင်း မပြီးသေးဘူး၊ သူ့ရဲ့ ဗီဇာသက်တမ်းလည်း ကုန်ခါနီးပြီမို့ ဒီနေ့ ရရင်ရ မရရင် သိမယ်ဆိုပြီး ခြိမ်းခြောက်ရာက စကားများ ရန်ဖြစ်ကြတယ်။ ဇော်ဝင်းဌေးဘက်က ပါလာတဲ့ဓားနဲ့ ဇေထူးအောင်ကို လိုက်ထိုးတယ်။ ရန်ပွဲကို ဝင်ရောက်ဖျန်ဖြေတဲ့ စောနေထူးပါ ထိခိုက်ဒဏ်ရာရခဲ့တယ်။ အဲဒီနောက် ဇော်ဝင်းဌေးတို့ ၅ ယောက်က ဆိုင်ကယ်နဲ့ ပြန်ထွက်သွားကြပါတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ရဲတွေက သူတို့ထွက်သွားတဲ့ဘက်နဲ့ ဇော်ဝင်းဌေးရဲ့ အိမ်ခန်းဘက်ကို လိုက်လံရှာဖွေပေမဲ့ ဖမ်းမမိခဲ့ပါဘူး။ နောက်တနေ့ (စက်တင်ဘာ ၂၆ ရက်) မှာတော့ ၅ ယောက်ထဲက တယောက်ဖြစ်တဲ့ ကျော်မင်းထွန်းကို အခင်းဖြစ်ပွားရာ နေရာနဲ့ ၅ ကီလိုမီတာလောက်ဝေးတဲ့ အိမ်တအိမ်မှာ ကျူးလွန်စဉ် အသုံးပြုခဲ့တဲ့ မော်တော်ဆိုင်ကယ်နဲ့အတူ ဖမ်းမိခဲ့ပါတယ်။ 

ကျော်မင်းထွန်း ကတော့ သူဟာ ဓားထိုးမှုထဲ မပါဝင်ကြောင်း၊ အဲဒီနေ့က သူငယ်ချင်းက သွားစရာရှိလို့ ဆိုင်ကယ်နဲ့ လိုက်ပို့ပေးဖို့ပြောတာကြောင့် လိုက်ပို့တာပဲရှိတယ်။ အခင်းဖြစ်ပြီးတဲ့နောက် သူတို့ကို ထာ့တုမ်းရပ်ကွက် မီးပွိုင့်နား ပို့ပေးခဲ့တယ်။ ဘယ်နား ပို့ထားတယ် ဆိုတာ ဘယ်သူမှ မပြောရ၊ ပြောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံရတယ်လို့ ထွက်ဆိုသွားပါတယ်။ 

တာဝန်ရှိသူတွေက စီစီကင်မရာပြန်ကြည့်တာမှာ အဖြူရောင်စလွန်းကားတစ်စီးက လာကြိုပြီး မင်ဘူရီမြို့နယ်ဘက် ထွက်သွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ 

ထွက်ပြေးလွတ်မြောက်နေသူ ၄ ယောက်ကတော့ ခင်ဇော်လတ်၊ ထက်ဇော်ဟိန်း၊ ဇော်ဝင်းဌေးနဲ့ ဆန်းထက်အောင် တို့ဖြစ်ပြီး ရဲက ဖမ်းဆီးအရေးယူဖို့ အပူတပြင်း လိုက်လံရှာဖွေနေတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ် ။ 

သေဆုံးသူ ဇေထူးအောင်ဟာ မွန်ပြည်နယ် သထုံမြို့ ဇာတိဖြစ်ပြီး သူ့ရဲ့အလောင်းကိုတော့ ဇူလိုင် ၂၇ ရက်က ဘန်ကောက် ဘန်ဘော်နယ်မြေ ဧကချိုင်းရပ်ကွက်ရှိ ဘန်ဘော်ဘုန်းကြီးကျောင်းမှာ မီးသင်္ဂြိုဟ်ပြီးစီးကြောင်း လူမှုကွန်ရက်သတင်းတွေမှာ ဖော်ပြပါတယ်။ 

Source: Thairath News / Amarin TV News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013