
အာဏာအလွဲသုံးစားမှုနဲ့ ရာဇဝတ်မှုတွေမှာပတ်သက်နေတဲ့ တရားရေးဝန်ကြီးဟောင်း ဇဘီဂ်ညက်ဇယိုးဘရိုရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ရုပ်သိမ်းဖို့ ပိုလန်အောက်လွှတ်တော်ဟာ နိုဝင်ဘာ ၇ ရက်မှာ မဲပေးခဲ့ပြီး ဖမ်းဆီးတရားစွဲဆိုနိုင်ဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ၄၄၂ ယောက် မဲပေးခဲ့ပြီး ထောက်ခံမဲ ၂၄၄ မဲ၊ ကန့်ကွက်မဲ ၁၉၈ မဲ၊ ကြားနေမဲ မရှိဘဲ ဇယိုးဘရိုကို ဖမ်းဆီးဖို့ ခွင့်ပြုချက်ပေးတဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်း ပိုလန်အောက်လွှတ်တော်ဥက္ကဋ္ဌ ရှီမွန် ဟော်လိုးနီးယားက ကြေညာခဲ့ပါတယ်။
ဇယိုးဘရိုဟာ အမျိုးသားရေးဝါဒီ ဥပဒေနဲ့ တရားမျှတမှု (PiS) အစိုးရမှာ ၂၀၁၅ မှ ၂၀၂၃ အထိ တရားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့ရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်အတွက် မဲပေးပွဲကို မတက်ရောက်ခဲ့ပဲ ပိုလန်ကို ပြန်လာရင်လည်း တရားမျှတစွာ ဆက်ဆံခံရမှာ မဟုတ်ဘူး ဆိုပြီး ပြည်ပမှာ ဆက်လက်နေထိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။
EU ကို ထောက်ခံတဲ့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်ခ်ရဲ့ အစိုးရဟာ အရင် PiS အစိုးရလက်ထက်မှာ မှားယွင်းမှုတွေရှိတယ်ဆိုတဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖို့ တွန်းအားပေးနေတာပါ။
တရားစီရင်ရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂနဲ့ နှစ်ပေါင်းများစွာ ပဋိပက္ခ ဖြစ်ပွားစေခဲ့တဲ့ တရားရုံးပြုပြင်ပြောင်းလဲရေးရဲ့ ဗိသုကာတယောက်ဖြစ်တဲ့ ဇယိုးဘရို ဟာ အစိုးရရှေ့နေတွေက တရားစွဲဆိုဖို့ ကြိုးပမ်းခဲ့တဲ့ PiS အစိုးရရဲ့ အမြင့်ဆုံး ထင်ရှားတဲ့ ပုဂ္ဂိုလ်ပါ။
ရှေ့နေတွေဟာ ဇယိုးဘရိုကို ရာဇဝတ်မှုရဲ့ သားကောင်တွေကို ကူညီဖို့ ရည်ရွယ်ထားတဲ့ တရားရေး ရန်ပုံငွေတွေကို အလွဲသုံးစားပြုပြီး ပဲဂါ့ဆပ်စ် စပိုင်ဝဲရ် စစ်စတမ်ဆိုတဲ့ ဖုန်းဟက်ကင်း စနစ်ကို ဝယ်ယူခဲ့တဲ့အမှု အပါအဝင် ပြစ်မှုပေါင်း ၂၆ ခုနဲ့ တရားစွဲဆိုချင်ကြတာဖြစ်ပါတယ်။
ဇယိုးဘရိုကတော့ ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်ခ်နဲ့ နီးစပ်သူတွေအကြား သံသယရှိစရာ အဂတိလိုက်စားမှုတွေကို ပစ်မှတ်ထား အရေးယူခဲ့တဲ့ သူ့လုပ်ဆောင်ချက်တွေအတွက် လက်စားချေတဲ့အနေနဲ့ အစိုးရက တမင်စီစဉ်ဖန်တီးထားတဲ့ လိုက်လံဖမ်းဆီးမှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ပြောပါတယ်။
ဇယိုးဘရိုရဲ့ လက်ထောက်အတော်များများဟာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးဖြစ်ပါတယ်။ သူတို့ထဲက တယောက်ဖြစ်တဲ့ မာစင် ရိုမာနောင်းစကီးဟာ ဟန်ဂေရီကို ထွက်ပြေးခဲ့ပြီးတော့ နိုင်ငံရေးခိုလှုံခွင့် ရရှိခဲ့ပါတယ်။
အရင် PiS အစိုးရနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ အမျိုးသားရေးဝါဒီ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ဟာ ပြီးခဲ့တဲ့လက ဘူဒါပက်စ်မှာ ဇယိုးဘရိုနဲ့တွေ့ဆုံခဲ့ပြီး လက်ရှိ ဒေါ်နယ်တပ်စ်ခ် အစိုးရဟာ ဇယိုးဘရိုအပေါ် "နိုင်ငံရေးအကြောင်းကြောင့် တမင်စွပ်စွဲဖမ်းဆီးမှု" စတင်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ဇယိုးဘရိုဟာ ဘူဒါပက်စ်မှာ ရှိနေဆဲဖြစ်ကြောင်း ပိုလန်မီဒီယာတွေမှာ ဖော်ပြခဲ့ပေမဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မဲပေးမှု မတိုင်ခင်က ဇယိုးဘရိုရဲ့ ကင်းလွတ်ခွင့်ကို ရုပ်သိမ်းမယ့် သူတို့ရဲ့ အစီအစဉ်တွေအကြောင်း မေးမြန်းခဲ့ရာမှာ ပိုလန်ရှေ့နေတွေက ဖြေဆိုဖို့ ငြင်းဆိုခဲ့ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ပြီးတာနဲ့ ကြေညာချက် ထုတ်ပြန်မယ်လို့ ပြောသွားခဲ့ပါတယ်။
Source: Reuters










