
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ကို နိုဝင်ဘာ ၇ ရက်ညမှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် မိန်းကလေးငယ်တယောက်အပါအဝင် အရပ်သား ၄ ယောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့သစ်ရပ်ကွက်၊ မိုးထိအောင် ကိုယ်ပိုင်အထက်တန်းကျောင်းနားကို ည ၈ နာရီ ၁၅ မိနစ်လောက်မှာ ဂျက်ဖိုက်တာတစီးနဲ့ ပေါင် ၅၀၀ ဗုံးတလုံး ကြဲချခဲ့တာဖြစ်ပြီး ၄ ယောက် သေဆုံးခဲ့ပါတယ်။
ဒေသခံတယောက်က “အထိအခိုက်ကတော့များတယ်။ သေဆုံးသူ ၄ ဦးရှိတယ်။ နောက်ထပ်လည်း ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာရှိတယ်။ အခင်းဖြစ်တဲ့နေရာမှာ သေသူ ၃ ဦး ရှိပြီး ဆေးရုံမှာ နောက်တဦး သေတယ်။ အိမ်တွေလည်း ထိခိုက်ပျက်စီးမှု အတော်လေးကိုရှိတယ်။ ညအချိန်ကြီးဆိုတော့ ထိခိုက်မှုများတယ်” လို့ပြောပါတယ်။
ဒဏ်ရာရရှိခဲ့သူတွေကို ဆေးကုသပေးနေပြီး ဒဏ်ရာပြင်းထန်သူတချို့လည်း ရှိတယ်လို့ သိရပါတယ်။
သေဆုံးသွားသူတွေကတော့ မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်က အသက် ၁၇ နှစ်အရွယ် မခိုင်စန်းရွှေ၊ မြို့သစ်ရပ်ကွက်က အသက် ၄၆ နှစ်အရွယ် ဦးမောင်သန်းဌေး၊ မြေပုံမြို့နယ်၊ အလယ်ကျွန်းရွာက အသက် ၅၃ နှစ်အရွယ် ဦးဦးမောင်သန်းနဲ့ သူ့ရဲ့သားဖြစ်သူ အသက် ၃၀ အရွယ် ကိုသန်းမောင်ဌေးတို့ ဖြစ်ကြပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ကလေးတချို့လည်းပါပြီး အမျိုးသမီးတွေနဲ့ သက်ကြီးပိုင်းတချို့လည်း ပါတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့ နေ့လယ်ပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာနဲ့ အောင်ဖြူပြင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ ယောက် သေဆုံးပြီး ၁၀ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်က မြို့၊ ရွာတွေကို ဆက်တိုက်ဆိုသလို တိုက်ခိုက်လာနေတာကြောင့် အသက်လုံခြုံမှုတောင်ကင်းမဲ့လာနေတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာသားယောက်က ပြောပါတယ်။
“ရခိုင်ပြည်မှာ တနေ့တနေ့လာရင် ဟိုမှာတိုက်ခိုက်ခံရ၊ ဒီမှာတိုက်ခိုက်ခံရနဲ့ အသက်အန္တရာယ် လုံခြုံမှု လုံးဝ မရှိတော့ဘူး။ စစ်ရေးအရ လက်နက်ကိုင်အချင်းချင်းတိုက်ခိုက်တာ မဟုတ်တော့ဘဲ ပြည်သူတွေကို တိုက်ခိုက်လာနေတာကြောင့် ပြည်သူတွေရဲ့အသက်တွေဟာ တန်ဖိုးမဲ့စွာ ဆုံးရှုံးနေကြရတယ်။ ပြေးစရာမြေလည်းမရှိတော့ဘူး။ လေယာဉ်သံမပြောနဲ့၊ ကားသံ ဆိုင်ကယ်သံနဲ့တောင် လူတွေကြောက်နေကြပြီ” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ ယောက် သေဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။










