
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ကို ဒီကနေ့ အောက်တိုဘာ ၇ ရက်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ဒေသခံ ၅ ယောက်သေဆုံးပြီး ၉ ယောက်ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ်က ဒီကနေ့ မနက်က ယိုးတရုပ်ကျေးရွာကို ဗုံး ၂ လုံးဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့တာ ကြောင့် အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၁ ယောက် သေဆုံးပြီး အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၄ ယောက် ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့ တရက်တည်းမှာပဲ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို စစ်တပ်က ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး နေအိမ်တွေလည်း ထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။
ပုဏ္ဏားကျွန်းဒေသခံတယောက်က “မနက် ၁၁ နာရီလောက်က ကွမ်းတောင်ကို လက်နက်ကြီး အရင်ပစ်တာပေါ့နော်။ အဲဒီမှာ တယောက်ဒဏ်ရာရတယ်၊ ပြီးရင် အောင်ဖြူပြင်ရွာကို ဗုံးလာထပ်ကြဲတယ်။ အဲဒီမှာ နေအိမ်တွေပျက်စီးသွားပြီး အမျိုးသမီးတယောက် ဒဏ်ရာပြင်းထန်ရတယ်။ ယိုးတရုပ်မှာ လူစည်ကားတဲ့နေရာကို ဗုံးကြဲပြီး ၅ ယောက်သေတယ်၊ ၇ ယောက် ဒဏ်ရာအပြင်းအထန်ရတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်ကလည်း စစ်တွေ ခမရ ၃၄၄ တပ်ရင်းက ပစ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာရှိ အသက် ၅၅ နှစ်အရွယ် အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ် ဒေသခံတယောက်က “ရခိုင်ပြည်သူတွေကို အကြောက်တရားလွှမ်းမိုးအောင် ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ဘက်နဲ့ မသက်ဆိုင်တဲ့ နေရာတွေ၊ ပြည်သူတွေ၊ ကလေးငယ်တွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတာပါပဲ” လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်တွေမှာ ဒဏ်ရာရတဲ့သူတွေကို အရေးပေါ်ဆေးကုသမှု ပေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာကို ဗုံးကြဲတိုက်ခိုက်လို့ ကလေးတယောက်အပါအဝင် ၄ ယောက်သေဆုံးပြီး ၉ ယောက်ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကေခိုင်










