DVB Logo
Home
မြန်မာသတင်း
ယင်းမာပင် သစ်ရာပင်ရွာ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခံရ၊ ဘုတလင်တွင် စစ်တပ် တိုက်ခိုက်ခံရ
DVB
·
November 7, 2025
ယင်းမာပင် သစ်ရာပင်ရွာ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခံရ၊ ဘုတလင်တွင် စစ်တပ် တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက သစ်ရာပင်ရွာကို နိုဝင်ဘာ ၆ ရက် ညမှာ စစ်ကောင်စီလေတပ်က ဂျက်တိုက်ယာဉ်တစီးနဲ့ ဗုံး ၂ လုံး ကြဲချတာကြောင့် လူမနေတဲ့နေအိမ် ၃ လုံး ထိမှန်ပျက်စီးသွားပြီး ဒေသခံတွေလည်း တိမ်းရှောင်နေကြရပါတယ်။

ဒေသခံတယောက်က “မနေ့ညက ဗုံးကြဲသွားတာပါ။ လူအထိအခိုက်တော့ မရှိပါဘူး။ ဂျက်ဖိုက်တာက တစီးတည်းပါ။ ဗုံးက ၂ လုံးကြဲသွားတယ်။ နေအိမ်ကတော့ ၃ လုံး ပျက်စီးသွားတယ်။ အိမ်မှာ လူတွေမနေကြလို့ ထိခိုက်တာ မရှိသွားဘူး။ တိုက်ပွဲဖြစ်တာ၊ စစ်ကြောင်းထိုးနေတာလည်း မရှိဘဲ လာကြဲသွားတာ” လို့ DVB ကို ပြောပါတယ်။

ရှမ်းမြောက်မှာ အပစ်ရပ်ပြီးနောက် စစ်တပ်က စစ်ကိုင်းတိုင်းကို စစ်ကြောင်းထိုးတာ၊ ဗုံးကြဲတိုက်ခိုက်ပြီး နေအိမ်တွေကို မီးရှို့တာတွေ ဆက်တိုက်လုပ်ဆောင်လာသလို အရပ်သားတွေလည်း သတ်ဖြတ်ခံရတာတွေ ရှိနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာတော့ ဇီးကုန်းရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်တာကြောင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေ တပ်ပြန်ဆုတ်သွားတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၈ ရက်ကစပြီး ဇီးကုန်းရွာမှာ တပ်စွဲနေတဲ့ စစ်တပ်ဟာ နိုဝင်ဘာ ၅ ရက်မှာ ရွာပြင်ထွက် စစ်ကြောင်းထိုးလာတာကြောင့် ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တာလို့ ဆိုပါတယ်။

S.R.F တပ်ဖွဲ့တာဝန်ခံက “သူတို့က စစ်ကြောင်းထိုးလာပြီး ဇီးတောမှာ အထိုင်ချပါတယ်။ အင်အားကတော့ ၂၀၀ ကျော်လို့ သိရပါတယ်။ သူတို့ဘက်က ရသလောက် တိုးလာတာ။ ရွာပြင်ထွက်လာတဲ့ စစ်ကောင်စီတပ် ကင်းပုန်းနဲ့တွေ့ပြီး ဒေသခံအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲကြာချိန်ကတော့ တနာရီလောက်ရှိပါတယ်” လို့ ပြောပါတယ်။

အောက်တိုဘာ ၂၉ ရက်ကစပြီး စစ်ကောင်စီတပ်တွေဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို တိုးလာတာကြောင့် ဇီးတောရွာအပြင်မှာ တိုက်ပွဲဖြစ်ကြရာကနေ စစ်တပ်က ထိခိုက်ကျဆုံးသူရှိပြီး ဇီးတောရွာထဲ ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ဇီးတောရွာဟာ ဘုတလင်နဲ့ မုံရွာအစပ်မှာရှိတဲ့ ပျူစောထီးရွာ ဖြစ်ပြီးတော့ နိုဝင်ဘာ ၅ ရက်ကနေ ဒီနေ့အထိ ဒေသကာကွယ်ရေးတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

S.R.F တပ်ဖွဲ့တာဝန်ခံက “မီးရှို့တာတွေ၊ အရပ်သားတွေကို ဖမ်းဆီးတာတွေတော့ မရှိဘူးဗျ။ ရွေးကောက်ပွဲအတွက်လာတာ ဖြစ်နိုင်တယ်။ သူတို့ရည်ရွယ်ချက်က ပြည်သူတွေကို မဲဆွယ်ဖို့ လာတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ PDF တွေကို ရည်ရွယ်တာဆိုရင် ကျေးရွာတွေကို မီးရှို့မယ်၊ ပြည်သူတွေကို သတ်ဖြတ်မယ်လေ။ ရွေးကောက်ပွဲပြီးရင်တော့ စစ်ကြောင်းထိုးမယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။

ဇီးတောရွာက ထွက်လာတဲ့ စစ်တပ်ကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ အထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ (Chindwin Brothers) မုံရွာခရိုင် အမှတ် ၁၄ တပ်ရင်း၊ Budalin Defense Force၊ Bandula Defense Force၊ Federal Democratic Force၊ Burmer Army၊ ဗိုလ်လက်ကောက်အဖွဲ့၊ Snipe Rangers Force (Local - PDF)၊ ဒေါင်းပြောက်ကျားအဖွဲ့၊ အုပ်ကြီးနှင့်အဖွဲ့၊ နင်ဂျာအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013