
တိုင်ဖွန်းမုန်တိုင်း ကာလ်မေဂီကြောင့် ဖိလစ်ပိုင်မှာ ၁၈၈ ယောက် သေဆုံးခဲ့ပြီး ဗီယက်နမ်မှာ ၅ ယောက် စုစုပေါင်း ၁၉၃ ယောက် သေဆုံးခဲ့တယ်လို့ ၂ နိုင်ငံအခြေစိုက် အချက်အလက်တွေက ဖော်ပြပါတယ်။
ကာလ်မေဂီဟာ နိုဝင်ဘာ ၆ ရက်က ဗီယက်နမ်ကို ၁ နာရီ ၁၄၉ ကီလိုမီတာနဲ့ ဖြတ်သန်းခဲ့ပြီး လက်ရှိအချိန်မှာ ကမ္ဘောဒီးယား အနောက်ပိုင်းနဲ့ လာအိုကို ဝင်ရောက်ဖို့ ဦးတည်နေပါတယ်။
ဗီယက်နမ်နိုင်ငံ ကမ်းရိုးတန်းမှာရှိတဲ့ မြို့တွေမှာ မုန်တိုင်းကြောင့် အပျက်အစီးတွေ၊ အမှိုက်တွေနဲ့ ပြည့်နေကြောင်းလည်း ဖော်ပြပါတယ်။
ပြင်းထန်တဲ့ လေတိုက်နှုန်းကြောင့် သစ်ပင်တွေ အမြစ်ကနေ ကျွတ်ခဲ့သလို ပြတင်းပေါက်တွေလည်း ပျက်စီးခဲ့ပါတယ်။
လူထောင်ပေါင်းများစွာဟာ ကျောင်းတွေနဲ့ တခြား လူမှုအဆောက်အအုံတွေမှာ မုန်တိုင်းဘေး အတွက် တိမ်းရှောင်ခဲ့ရပါတယ်။
မြေနိမ့်ဒေသတွေမှာ ရေကြီးမှုတွေ ဖြစ်နိုင်တယ်လို့လည်း ဗီယက်နမ်အစိုးရက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဗီယက်နမ်နိုင်ငံအလယ်ပိုင်းမှာ ပြီးခဲ့တဲ့အပတ်က စံချိန်တင် မိုးသည်းထန်မှုကြောင့် လူ ၅၀ သေဆုံးခဲ့ ပါသေးတယ်။
ကာလ်မေဂီ မုန်တိုင်းမလာမီ စစ်သား ၂၆၀,၀၀၀ ကျော်ကို ကူညီကယ်ဆယ်ရေးအတွက် ဗီယက်နမ်အစိုးရက ချထားခဲ့ပါတယ်။
ဗီယက်နမ်မှာ မုန်တိုင်းဝင်ရောက်ချိန်နဲ့ မိုးကြီးမှုတို့ကြောင့် အိမ်တွေပြိုတာနဲ့ ရေမြုပ်တာတွေ ဖြစ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကာလ်မေဂီမုန်တိုင်းဟာ ဗီယက်နမ်ကို မဝင်မီ ဖိလစ်ပိုင်ကို ဝင်ရောက်ခဲ့ကာ လူ ၁၁၄ ယောက် သေဆုံးခဲ့တယ်လို့ အစောပိုင်းက သတင်းထုတ်ပြန်ထားပြီး ၁၃၅ ယောက် ပျောက်ဆုံးနေတယ်လို့လည်း ဆိုပါတယ်။
နောက်ဆုံးထုတ်ပြန်ချက်အရ မုန်တိုင်းကြောင့် ဖိလစ်ပိုင်နဲ့ ဗီယက်နမ် ၂ နိုင်ငံပေါင်း သေဆုံးသူ ၁၉၃ ယောက်အထိ ရှိလာပြီလို့ သိရပါတယ်။
Source: Reuters










