
ဆွီဒင်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းရှိ ဂိုးသန်းဘာ့ဂ်-လန်းဗက်တာ လေဆိပ်မှာ ဒရုန်းတစင်း ဒါမှမဟုတ် တစင်းထက် ပိုမိုတွေ့ရှိခဲ့ပြီးနောက် နိုဝင်ဘာ ၆ ရက်မှာ လေကြောင်း အဆင်းအတက် လမ်းကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဒီလေဆိပ်ဟာ စတော့ဟုမ်းရှိ အာလန်ဒါ လေဆိပ်ပြီးရင် ဆွီဒင်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးလေဆိပ်လည်း ဖြစ်ပါတယ်။
လန်းဗက်တာ အထက်ရှိ လေပိုင်နက်မှာ သံသယရှိစရာ ဒရုန်းတစင်းရဲ့ လက္ခဏာတွေကြောင့် လက်ရှိပိတ်ထားပြီးတော့ ရဲတွေ စုံစမ်းစစ်ဆေးနေချိန်အတွင်း လေပိုင်နက်ကို ဆက်လက် ပိတ်ထားပါဦးမယ်လို့ လေဆိပ်အော်ပရေတာ ဆွီဒါးဗီယာရဲ့ အမှုဆောင်အရာရှိချုပ် ဆူဆန် နော်မန် က ပြောပါတယ်။
အရပ်ဘက်လေကြောင်းအေဂျင်စီ (LFV)ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က လေဆိပ်မှာ ဒရုန်းတွေကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့တာပါ။
ရဲတပ်ဖွဲ့ဟာ ဂရင်းနစ်စံတော်ချိန် ၁၆၄၁ နာရီမှာ ဒရုန်းတွေကို သံသယဖြစ်ဖွယ်တွေ့မြင်ခဲ့ရကြောင်း လူအများအပြားဆီကနေ သတင်းပေးပို့ချက်ကို လက်ခံရရှိခဲ့ကြောင်းနဲ့ သတင်းအချက်အလက်တွေ စုဆောင်းဖို့ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒရုန်းတွေကြောင့် မကြာသေးခင်လတွေအတွင်း ဥရောပမှာ အဓိက အနှောင့်အယှက်တွေ ဖြစ်ပေါ်စေခဲ့ပြီး နိုင်ငံအတော်များများမှာ လေဆိပ်တွေကို ယာယီ ပိတ်ထားခဲ့ရပါတယ်။
တချို့အရာရှိတွေကတော့ ရုရှားရဲ့ ပေါင်းစပ်စစ်ပွဲကြောင့် ဖြစ်ရပ်တွေကို အပြစ်တင်ခဲ့ကြပြီး မော်စကိုကတော့ အဲဒီဖြစ်ရပ်တွေနဲ့ ဆက်စပ်မှုမရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။
Source: Reuters











