
ကျားဖြန့် အွန်လိုင်းငွေလိမ် ရာဇဝတ်လုပ်ငန်းတွေနဲ့ ဆက်စပ်သံသယရှိသူ တရုတ်နိုင်ငံသား ၄၂ ယောက်ကို သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ နိုဝင်ဘာ ၆ ရက်က ဖော်ပြပါတယ်။
သူတို့ဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် ထိုင်းနိုင်ငံကနေတဆင့် ကမ္ဘောဒီးယားနိုင်ငံဘက် ဖြတ်ကျော်ဝင်ရောက်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး သူတို့ကို ချန်သဘူရီခရိုင်ထဲက အပန်းဖြေဟိုတယ်တခုမှာ နိုဝင်ဘာ ၄ ရက် ညပိုင်းက ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
ချန်သဘူရီ လူဝင်မှုကြီးကြပ်ရေးရုံး၊ ပြည်နယ်၊ ဒေသဆိုင်ရာနဲ့ ခရီးသွားရဲတပ်ဖွဲ့၊ ရေကြောင်းတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တဲ့ အဖွဲ့က အဲဒီနေ့ညပိုင်း ၈ နာရီလောက်မှာ ပေါင်နမ်ရွန်ခရိုင်၊ တပ်ဆိုင်မြို့နယ်ထဲက အပန်းဖြေဟိုတယ်တခုမှာ သံသယဖြစ်ဖွယ် တရုတ်နိုင်ငံသားတွေ တည်းခိုနေကြောင်း သတင်းရရှိတာကြောင့် ဝင်ရောက်စီးနင်းခဲ့ကြတာလို့ ဆိုပါတယ်။
ပူးပေါင်းတပ်ဖွဲ့တွေက အပန်းဖြေဟိုတယ်ထဲက အခန်း ၁၁ ခန်းကို ရှာဖွေခဲ့ပြီး တရုတ်နိုင်ငံသား ၄၂ ယောက်ကို တွေ့ရှိခဲ့ကြပြီး သူတို့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်းကနေ သိပ်မကြာခင်က ရောက်လာခဲ့ကြပြီး သူတို့အုပ်စုဟာ ကမ္ဘောဒီးယားနိုင်ငံဆီ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ဖို့ ပြင်ဆင်နေတာကို စစ်ဆေးတွေ့ရှိရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ခုလို ဝင်ရောက်စီးနင်းမှုအတွင်းမှာတော့ အီလက်ထရွန်နစ်ပစ္စည်းများစွာကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါအဖွဲ့ဟာ နိုင်ငံတကာ ဆိုက်ဘာရာဇဝတ်မှုကွန်ရက်တခုရဲ့ အစိတ်အပိုင်းတခု ဖြစ်နိုင်ကြောင်း ညွှန်ပြနေတယ်လို့ ဆိုပါတယ်။
သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲမှာတော့ မိုဘိုင်းဖုန်း ၂၁၅ လုံး၊ လက်တော့ပ် ၁၁ လုံး၊ ငွေသားစုစုပေါင်း ၈၀၇,၀၀၀ ဘတ်၊ မြန်မာဆင်းကတ် ၁၀ ကတ်၊ ဖလက်ရှ်ဒရိုက်တွေနဲ့ မှတ်တမ်းတွေပါရှိတဲ့ မှတ်စုစာအုပ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ၇ ယောက်ကသာ ပတ်စ်ပို့ရှိပြီး အဲဒီထဲက ၃ ယောက်မှာပဲ တရားဝင် ဗီဇာရှိကာ တယောက်ရဲ့ ဗီဇာက သက်တမ်းကုန်နေသလို ကျန်တဲ့ ၃၅ ယောက်လုံးမှာတော့ ပတ်စ်ပို့ မရှိကြဘူးလို့ ဆိုပါတယ်။
လတ်တလောမှာတော့ ဖမ်းဆီးထားသူတွေထဲက ၃၈ ယောက်ကို ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုထားပြီး ကျန် ၄ ယောက်ကိုတော့ ဆက်စပ်ပြစ်မှုတွေနဲ့ တရားစွဲဆိုထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က စစ်ဆင်ရေး နောက်ကွယ်က ကြိုးကိုင်သူတွေကို ဖော်ထုတ်နိုင်ရေး နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ပြောကြားခဲ့သလို ရည်ရွယ်ချက်ကတော့ အဆိုပါအဖွဲ့က နိုင်ငံဖြတ်ကျော်လိမ်လည်မှုကွန်ရက်၊ ဒါမှမဟုတ် ထိုင်းနိုင်ငံကို ဖြတ်သန်းသွားလာရာ နေရာအဖြစ် အသုံးပြုတဲ့ လူကုန်ကူးမှုဂိုဏ်းတခုခုနဲ့ ဆက်စပ်မှုရှိမရှိ ဆုံးဖြတ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
Source: Bangkok Post











