
အမေရိကန်နိုင်ငံ၊ ကင်တပ်ကီပြည်နယ်၊ လူးဝစ်ဗီးလ်မြို့မှာ UPS ကုန်တင်လေယာဉ် ပျက်ကျမှုမှာ သေဆုံးသူဦးရေဟာ ၁၁ ယောက်လို့ အတည်ပြုထားပြီးနောက် နိုဝင်ဘာ ၅ ရက် ဆိုရင် အရေအတွက်က ၁၂ ယောက်အထိ ရှိလာနိုင်မယ်လို့လည်း ခန့်မှန်းထားကြောင်း ကင်တပ်ကီပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဒီဘယ်ရှီးယားက ပြောပါတယ်။
UPS လေယာဉ်ပျက်ကျမှု ဖြစ်ပွားရာနေရာကို ကင်တပ်ကီ အုပ်ချုပ်ရေးမှူး အန်ဒီဘယ်ရှီးယား၊ လူးဝစ်ဗီးလ်မြို့တော်ဝန် ခရေ့ဂ် ဂရင်းန်ဘာ့ဂ်နဲ့ အမေရိကန်လွှတ်တော်အမတ် မော်ဂန် မက်ဂါဗေးတို့ လာရောက်ကြည့်ရှု လေ့လာခဲ့ကြပါတယ်။
အမေရိကန် ဖက်ဒရယ် ဘေးကင်းရေး စုံစမ်းစစ်ဆေးသူတွေဟာ လူးဝစ်ဗီးလ်လေဆိပ်မှ ပျံတက်ချိန်အတွင်း မီးလောင်ပျက်ကျခဲ့တဲ့ UPS ကုန်တင်လေယာဉ်ရဲ့ အပျက်အစီးတွေကနေ “black box” မှတ်တမ်းတင်စက်တွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဟိုနိုလူလူကိုသွားဖို့ စီစဉ်ထားတဲ့ သက်တမ်း ၃၄ နှစ်ရှိ MD-11 လေဆိပ်ကုန်ပစ္စည်းတင် လေယာဉ်ပေါ်မှာ အမှုထမ်း ၃ ယောက် လိုက်ပါခဲ့ပြီး အင်္ဂါနေ့ညနေပိုင်းက ပျံတက်နေချိန်မှာပဲ လေယာဉ်ပြေးလမ်းအဆုံးရှိ ခြံစည်းရိုးကို တိုက်ချသွားခဲ့ပြီးတော့ လေဆိပ်ပိုင်နက် အပြင်ဘက်ရှိ အဆောက်အအုံများစွာကို ဝင်တိုက်မိခဲ့ကြောင်း အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးကင်းရေး ဘုတ်အဖွဲ့ဝင် တော့ဒ်အင်မန်းက အတည်ပြု ပြောပါတယ်။
လေယာဉ်ရဲ့ ဘယ်ဘက်တောင်ပံတဝိုက်မှာ ချက်ချင်းကို မီးခိုးလုံးကြီးတခု ပေါက်ကွဲထွက်ပေါ်လာပြီး ကိုယ်ထည်ကျယ်တဲ့ ကုန်တင်လေယာဉ်ဟာ ပြေးလမ်းပေါ်ကို လိမ့်ဆင်းလာကာ အဲဒီတောင်ပံမှ အင်ဂျင် ၃ ခုထဲက တခုမှာ ပြုတ်ထွက်သွားခဲ့ပါတယ်။
လေယာဉ်ဟာ မီးလုံးကြီးတခုထဲ ဖုံးလွှမ်း နစ်မြုပ်သွားပြီး မီးလောင်မှုများစွာကိုလည်း ဖြစ်ပေါ်စေခဲ့တာကြောင့် စက်မှုလုပ်ငန်းစင်္ကြံမှတဆင့် အပျက်အစီးတွေဟာ မိုင်ဝက်လောက် (မီတာ ၈၀၀) ရှည်ရှည်လျားလျား ပြန့်ကျဲသွားခဲ့ပြီး အဲဒီထဲမှာ မီးလောင်ပေါက်ကွဲသွားတဲ့ ရေနံပြန်လည်သန့်စင်စက်ရုံလည်း ပါဝင်ပါတယ်။
လေယာဉ်ပျက်ကျမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေကြောင့် ညတွင်းချင်း လေဆိပ်ကို ပိတ်ထားခဲ့ရပါတယ်။
UPS Worldport တည်ရှိရာ လူးဝစ်စ်ဗီးလ် လေဆိပ်ကို ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ လေကြောင်းသွားလာမှုအတွက် ပြန်လည်ဖွင့်လှစ်ခဲ့ပေမဲ့ မတော်တဆမှုဖြစ်ပွားခဲ့တဲ့ လေယာဉ်ပြေးလမ်းကို နောက်ထပ် ၁၀ ရက်ကြာ ပိတ်ထားရဖွယ်ရှိကြောင်း အရာရှိတွေက ပြောကြားခဲ့ပါတယ်။
လေဆိပ်အခြေပြု လုပ်ငန်းဆောင်တာတွေလည်း အနှောင့်အယှက်ဖြစ်ခဲ့ရပြီး ပို့ဆောင်ရေး ဝန်ဆောင်မှုတွေလည်း နှေးကွေးခဲ့ရပါတယ်။
Source: Reuters










