DVB Logo
Home
မြန်မာသတင်း
NDF ပါတီ ကိုယ်စားလှယ်လောင်း ၃၅ ဦး တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မည်
DVB
·
November 5, 2025
NDF ပါတီ ကိုယ်စားလှယ်လောင်း ၃၅ ဦး တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မည်
Donate to DVB

ဖျက်သိမ်းခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီရဲ့ ကိုယ်စားလှယ်လောင်း ၃၅ ယောက်ဟာ အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ရောက်ယှဉ်ပြိုင်မှာဖြစ်သလို  တခြားပါတီတွေကနေ ဝင်ပြိုင်မယ့်သူတွေ ရှိတယ်လို့လည်း ပါတီရဲ့ ထိပ်တန်းတာဝန်ရှိသူတယောက်က ပြောပါတယ်။ 

နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေအရ ဆောင်ရွက်ရမယ့် ပြဋ္ဌာန်းချက်တွေကို လိုက်နာမှုမရှိလို့ ဆိုပြီး ပါတီဖျက်သိမ်းခံလိုက်ရတဲ့ NDF ပါတီကနေ ဝင်ပြိုင်ကြဖို့ စီစဉ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေထဲက ၃၅ ယောက်ဟာ တသီးပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာလို့ အဲဒီပါတီရဲ့ တွဲဖက်ဥက္ကဋ္ဌဟောင်း ဦးထက်အောင်ကျော်က ပြောပါတယ်။

တချို့ကိုယ်စားလှယ်လောင်းတွေကတော့ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတွေထဲကို ဝင်ရောက်သွားခဲ့ပြီး အဲဒီပါတီတွေဆီကနေ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့်သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

NDF ပါတီ တွဲဖက် ဥက္ကဋ္ဌဟောင်း  ဦးထက်အောင်ကျော်က “ပုံမှန်အားဖြင့်တော့ ကျနော်ကတော့ ပါတီတွေအနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်စေချင်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တသီးပုဂ္ဂလ ဆိုတော့ အားနည်းမှာစိုးလို့။ ဒါပေမဲ့ မဟုတ်ဘူး၊ ကိုယ့်ဟာနဲ့ကိုယ်ပဲ အဲဒီလိုပဲ ပြိုင်ချင်တယ်။ ကိုယ့်ပါတီမှ မဟုတ်ရင် မပြိုင်ချင်ဘူးဆိုတဲ့သူတွေလည်း ရှိတယ်။ အဲဒါဆို မပြိုင်ဘဲ ကျန်ရစ်ခဲ့တဲ့သူတွေလည်း အများကြီးပေါ့နော်”လို့ ပြောပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေအရ ရန်ကုန် မဟုတ်တဲ့ တခြားနယ်တွေမှာ ဝင်ပြိုင်ကြမယ့်သူတွေဟာ အခက်အခဲ အကျပ်အတည်းမျိုးစုံ ရှိနိုင်သလို လူထုဆီကို သတင်းစကားတွေ ရောက်ဖို့ အင်တာနက်စာမျက်နှာတွေကနေတဆင့် ဖြန့်ဝေနိုင်မယ့် နည်းလမ်းတွေလည်း ရှာဖို့လိုတယ်လို့ ဆိုပါတယ်။

NDF ပါတီကနေ ဝင်ပြိုင်ခွင့်မရတော့တဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၅ ယောက်ဟာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ နဲ့ ရှမ်းပြည်နယ်တွေကနေ ဝင်ပြိုင်ကြမှာဖြစ်တယ်လို့ ဦးထက်အောင်ကျော်က ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကျပ်အတည်းတွေကို ရွေးကောက်ပွဲနည်းလမ်းကနေတဆင့် အရပ်သားအစိုးရ ပေါ်ပေါက်လာမှ ဖြေရှင်းလို့ရနိုင်မှာ ဖြစ်တာကြောင့် မဲပေးပိုင်ခွင့်ရှိတဲ့သူတွေ အနေနဲ့ မဲမပေးဘူးဆိုရင် အဲဒီအခွင့်အရေးတွေ ဆုံးရှုံးသွားနိုင်သလို ဒါတွေကို တင်ပြ ဆွေးနွေးနိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရှိဖို့ လိုအပ်တာကြောင့် ပါတီ ဖျက်သိမ်းခံလိုက်ရပေမဲ့ တသီးပုဂ္ဂအနေနဲ့ ဒဂုံမြို့သစ်မြို့နယ်(မြောက်ပိုင်း)  ပြည်သူ့လွှတ်တော်ကနေ ဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းသိန်းဟန်က ပြောပါတယ်။

“ကျိန်းသေတာကတော့‌ ရွေးကောက်ပွဲက UEC က ထုတ်ပြန်ထားတဲ့အရဆိုရင် သန့်ရှင်းမျှတရမယ် ဆိုတဲ့ဟာ ရှိတယ်။ ဒီအချိန်မှာ အဓိကပြဿနာက ပြည်သူလူထုအနေနဲ့က ဒီအချိန်မှာက မဲမပေးရင် ကိုယ့်အခွင့်အရေး ဆုံးရှုံးသွားမှာပေါ့။ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့က ပြည်သူလူထု ကိုယ်တိုင်ကပဲ ဖြေရှင်းတော့မှရတော့မယ့် အနေထားဖြစ်ပြီပေါ့။ ဒါ ပြည်သူလူထုကလည်း ဒီအချိန်မှာ မဲသွားမပေးဘူးဆိုရင် ကိုယ့်အခွင့်အရေး ဆုံးရှုံးသွားပြီ။ ပြည်သူလူထု ကိုယ်တိုင်က ဒီမိုကရေစီသဘောတရားနဲ့ ကိုယ့်ရွေးချယ်ပိုင်ခွင့်နဲ့ ကိုယ်ဖြစ်ချင်တဲ့သူကို ဖြစ်မြောက်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ သဘောထား ရှိတယ်လေ။” 

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ စစ်အာဏာရှင် သက်ဆိုးရှည်စေမယ့်  တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်ပြီး ပြည်သူအားလုံး ဝိုင်းဝန်းဆန့်ကျင် ကန့်ကွက်ကြဖို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ ၅၇ ပါတီရှိပြီး စစ်တပ်ရဲ့ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း ၁,၀၀၀ ကျော်နဲ့ အများဆုံးဝင်ပြိုင်မှာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  ပါတီအပါအဝင် ပါတီပေါင်း ၈၀ ကျော်လောက်ကတော့ စစ်ကောင်စီဩစာခံ ရွေးကောက်ပွဲကော်မရှင်ထံမှာ ပါတီမှတ်ပုံ ပြန်မတင်တဲ့အတွက် ဖျက်သိမ်းခံခဲ့ရပါတယ်။

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013