
စင်ကာပူအစိုးရဟာ နိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ရဲ့ အိမ်နေရာကို နိုင်ငံတော်မော်ကွန်းတိုက်အဖြစ် ထုတ်ပြန်ဖို့ စီစဉ်ထားတယ်လို့ နိုဝင်ဘာ ၄ ရက်မှာ ပြောပါတယ်။
လီကွမ်ယုရဲ့ သားသမီးတွေကြား အဆောက်အအုံနဲ့ ပတ်သက်ပြီး အပြင်းအထန် အငြင်းပွားအပြီးမှာ ခုလို ပြောလိုက်တာပါ။
၁၈၉၈ ခုနှစ်က စင်ကာပူအလယ်ပိုင်းမှာ ဆောက်လုပ်ခဲ့တဲ့ တထပ်တိုက်အိမ်ကြီးကို ထိန်းသိမ်း စောင့်ရှောက်ထိုက်တယ်လို့ အကြံပေးအဖွဲ့တဖွဲ့က အကဲဖြတ်ခဲ့တဲ့အကြောင်း အမျိုးသား အမွေအနှစ်ဘုတ်အဖွဲ့နဲ့ စင်ကာပူမြေယာအာဏာပိုင်တို့က ကြေညာချက်တစောင် ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
၁၉၅၀ ပြည့်နှစ်တွေမှာ စင်ကာပူကို ကိုလိုနီဘဝကနေ လွတ်လပ်တဲ့နိုင်ငံအဖြစ် ကူးပြောင်းခြင်းကို အမှတ်အသားပြုတဲ့ အဓိကဖြစ်ရပ်တွေကို သက်သေပြခဲ့တယ်လို့လည်း ပြောပါတယ်။
၂၀၁၅ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ လီကွမ်ယုဟာ အိမ်ကို ဖြိုဖျက်ချင်တယ်လို့ လူသိရှင်ကြား ပြောခဲ့ဖူးပါတယ်။
သူက ဒီတောင်းဆိုချက်ကို သူ့ရဲ့သေတမ်းစာထဲမှာ ထည့်သွင်းခဲ့ပြီး ဖြိုဖို့ မဖြစ်နိုင်ရင် မိသားစုနဲ့ သားစဉ်မြေးဆက်တွေကလွဲလို့ ဘယ်သူမှ ဝင်ခွင့်မရအောင် ပိတ်ထားချင်တယ်လို့လည်း ထပ်ပြောခဲ့ဖူးပါတယ်။
လီ ကွယ်လွန်ပြီးတဲ့နောက် သားသမီး ၃ ယောက်ကြားနဲ့ အများပြည်သူကြား အငြင်းပွားမှုမှာ အိမ်နဲ့ ဘာလုပ်ရမလဲဆိုတဲ့ မေးခွန်းက အဓိကပြဿနာတခု ဖြစ်လာခဲ့ပါတယ်။
မနှစ်က နိုင်ငံရဲ့ တတိယမြောက် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ခဲ့တဲ့ အကြီးဆုံးသား လီရှန်လွန်း က အမွေအနှစ် အထိမ်းအမှတ်အဖြစ် ထိန်းသိမ်းခြင်း အပါအဝင် အိမ်ခြံမြေကို ဘာလုပ်ရမလဲ ဆိုတာကို အစိုးရက ဆုံးဖြတ်သင့်တယ်လို့ ထင်မြင်ကြောင်း ပြောခဲ့ပါတယ်။
သူ့ရဲ့ညီမ လီဝေလင်းနဲ့ အစ်ကို လီရှန်ယန်တို့က ဖခင်ရဲ့ဆန္ဒနဲ့အညီ အိမ်ကို ဖြိုဖျက်သင့်တယ်လို့ ပြောခဲ့ပါတယ်။
၂၀၁၈ ခုနှစ် အစီရင်ခံစာမှာတော့ လီဝေလင်းက အဲဒီနေရာမှာ ဆက်နေထိုင်ဆဲဖြစ်လို့ အိမ်နဲ့ ပတ်သက်ပြီး ချက်ချင်းဆုံးဖြတ်ချက်ချဖို့ မလိုဘူးလို့ ဝန်ကြီးကော်မတီတခုက ပြောခဲ့ပါတယ်။
မနှစ်က လီဝေလင်း ကွယ်လွန်ပြီးတဲ့နောက် လီရှန်ယန်က အိမ်ကိုဖြိုဖျက်ဖို့ ခွင့်ပြုချက် လျှောက်ထားခဲ့ပါတယ်။
Source: Reuters











