
ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ (SAF) နဲ့ အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) အကြား ဒါဖာနဲ့ ကော်ဒိုဖန် ပြည်နယ်တွေတလျှောက် တိုက်ပွဲတွေ ပိုပြင်းထန်လာလို့ ဆူဒန်နိုင်ငံ မြောက်ဒါဖာပြည်နယ်ရဲ့ မြို့တော် အယ်လ်ဖာရှာကနေ မကြာသေးမီရက်တွေအတွင်း လူထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ကြပါတယ်။
မြောက်ကော်ဒိုဖန်ပြည်နယ်က ဘာရာနဲ့ အယ်လ်ဖာရှာ အပါအဝင် မဟာဗျူဟာကျတဲ့ မြို့အတော်များများကို RSF က ပြန်သိမ်းပိုက်ပြီးတဲ့နောက် ခုလို အစုလိုက် ပြည်တွင်း ရွှေ့ပြောင်းတဲ့ဖြစ်ရပ် ပေါ်ပေါက်ခဲ့တာပါ။
အောက်တိုဘာ ၂၆ ရက်မှာ မြို့ကျရှုံးပြီးကတည်းက အယ်လ်ဖာရှာနဲ့ အနီးတဝိုက်ဒေသတွေက လူပေါင်း ၇၁,၀၀၀ နီးပါး ထွက်ပြေးခဲ့ကြပြီး အများစုက ကီလိုမီတာ ၄၀ အကွာ တာဝီလာမြို့က လူဦးရေထူထပ်တဲ့ စခန်းတွေဆီ ထွက်ပြေးခဲ့ကြတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှု အဖွဲ့အစည်းက ဖော်ပြခဲ့ပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေက RSF တိုက်ခိုက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ ကင်းလှည့်မှုတွေကို ဖြတ်သန်းခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးတွေကို ပြန်ပြောင်း ပြောပြခဲ့ကြပါတယ်။
လမ်းတလျှောက်မှာ အစုလိုက်အပြုံလိုက် ကွပ်မျက်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ရိုက်နှက်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
တာဝီလာမြို့မှာ ပြည်တွင်းအိုးအိမ်စွန့်ခွာရသူ (IDP) အရေအတွက်ဟာ မတ်လမှာ ၂၃၀,၀၀၀ ကျော်ကနေ စက်တင်ဘာလမှာ ၆ သိန်းခွဲကျော်အထိ ၃ ဆနီးပါး မြင့်တက်လာခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
အိမ်ရှင်အသိုက်အဝန်းတွေဟာလည်း အကျပ်အတည်းကြုံတွေ့နေရပြီး ရောက်လာသူ အသစ်တွေ အတွက် အစားအစာ၊ ဆေးဝါးနဲ့ နေစရာ အလုံအလောက် ထောက်ပံ့ပေးဖို့ ရုန်းကန်နေရပါတယ်။
အိုးအိမ်စွန့်ခွာရသူများစွာဟာ မြောက်ပိုင်းပြည်နယ်က အယ်လ်-ဒဘ်ဘာစခန်းမှာ ခိုလှုံဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရပြီး အကြမ်းဖက်မှုတွေ မလျော့သေးလို့ ထောင်ပေါင်းများစွာသော သူတွေ ရောက်လာမယ်လို့ မျှော်လင့်ရပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလမှာ စဖြစ်ခဲ့တဲ့ SAF နဲ့ RSF အကြား ကြီးမားတဲ့ ပဋိပက္ခက ဆူဒန်နိုင်ငံကို ဝိုင်းရံထားဆဲပါ။
စစ်ပွဲကြောင့် လူထောင်ပေါင်းများစွာ သေဆုံးပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို နိုင်ငံဟာလည်း လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းထဲကို ပိုနက်နက်ရှိုင်းရှိုင်း ကျရောက်ခဲ့ပါတယ်။
Source: Reuters











