
ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ၇၄ ကြိမ်မြောက် မယ်စကြဝဠာ Miss Universe 2025 ပြိုင်ပွဲဝင်ဖို့ ကမ္ဘာ့နိုင်ငံအသီးသီးက အလှမယ်တွေဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီထဲက အလှမယ်တချို့ဟာ ဟိုတယ်တခုထဲမှာ ကာစီနိုအွန်လိုင်း လောင်းကစားဝိုင်းအတွက် ကြော်ငြာရိုက်ကူးပေးနေတယ်၊ ဒါဟာ ထိုင်းနိုင်ငံရဲ့ ဥပဒေချိုးဖောက်မှု ဖြစ်ပြီး နိုင်ငံကိုလည်း နာမည်ပျက်စေကြောင်း တာဝန်သိပြည်သူက တိုင်ကြားတာကြောင့် ဖယားကရိုင်း နယ်မြေရဲတပ်ဖွဲ့နဲ့ ဆိုင်ဘာရဲတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၃ ရက် ညနေ ၄ နာရီလောက်က ဘန်ကောက် ကျရိန်းကုန်းနယ်မြေရှိ အဆိုပါဟိုတယ်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ အလှမယ်တွေဟာ ဟိုတယ်ဟောလ်ခန်းတခုထဲမှာ အလှမယ်စလွယ်နဲ့ အွန်လိုင်းလောင်းကစား ဆိုင်းဘုတ်ကိုင်ပြီး ကြော်ငြာရိုက်ကူးနေတာတွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီ ကြော်ငြာရိုက်ကူးရေးကို ဦးဆောင်သူမှာလည်း MUO (Miss Universe Organization) အဖွဲ့ထဲက မက္ကစီကိုနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် Mr. Raul Rocha Cantu ဖြစ်တယ်လို့ ဆိုပါတယ်။
အွန်လိုင်း လောင်းကစားမှုကို ကမ္ဘာ့နိုင်ငံအချို့က တရားဝင်ခွင့်ပြုတာကြောင့် ထိုင်းမှာလည်း ရိုက် ကူးတာဖြစ်တယ်။ အဲဒီလိုရိုက်ကူးမယ်ဆိုတာကို ထိုင်းနိုင်ငံ Miss Universe ကျင်းပရေး ကော်မတီ ကလည်း သိတယ်လို့ ရိုက်ကူးရေးအဖွဲ့က ပြောပါတယ်။
မကြာခင် အဲဒီနေရာကို ထိုင်းနိုင်ငံ Miss Universe ကျင်းပရေးကော်မတီဒုဥက္ကဋ္ဌ မစ္စတာနဝပ် အီစလာကလိုင်းဆင် ရောက်လာခဲ့တယ်။ ဒီရိုက်ကူးရေးမှာ သူနဲ့လုံးဝပတ်သက်ခြင်းမရှိကြောင်း၊ ရဲကို အကြောင်းကြားခဲ့ခြင်းလည်း မရှိကြောင်း၊ သူ့ကိစ္စနဲ့သူ အဲဒီဟိုတယ်ကို ရောက်လာ တာဖြစ်တယ်။ ထိုင်းနိုင်ငံမှာ လောင်းကစားအမျိုးမျိုးနဲ့ ပတ်သက်လို့ ကြော်ငြာရိုက်ကူးခွင့်မရှိဘူး၊ တရားဥပဒေချိုးဖောက်ရာရောက်တယ်၊ ဒီလိုလုပ်ရင် အလှမယ်တွေကိုရော ကော်မတီတွေကိုပါ ထိခိုက်နိုင်တယ်ဆိုတာ အစကတည်းက ပြောထားပြီးသားပါ။ အဲဒါကို ကျနော်ပါ ပါဝင်ပတ် သက်တဲ့ပုံစံနဲ့ ပြောဆိုတာကို ပြန်တောင်းပန်ရမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
မစ္စတာနဝပ်ဟာ ရဲစခန်းကို လိုက်သွားပြီး ဒီကိစ္စမှာ ထိုင်းမစ်စ်ယူနီဗာ့ဆ် ကော်မတီနဲ့ လုံးဝ ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့သလို အဖွဲ့အစည်းအနေနဲ့ ကြေငြာချက်တစောင်လည်း ထုတ်ပြန်ခဲ့ပါတယ် ။
အဆိုပါကြေငြာချက်မှာ ၇၄ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲဝင်အလှမယ်များအား အွန်လိုင်း လောင်းကစား ကြော်ငြာရိုက်ကူးခြင်းသည် Miss Universe Organization (MUO) အဖွဲ့ရဲ့ တဖက်သတ် ဆောင်ရွက်ချက်သာဖြစ်ပြီး Miss Grand International Public Company Limited နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိပါ။ မည်သည့်လောင်းကစားမှုမျိုးတွင်မှ ပါဝင်ပတ်သက်ခြင်းမရှိပါလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်တာဝန်ယူကျင်းပမယ့် ၇၄ ကြိမ်မြောက် Miss Universe 2025 ပြိုင်ပွဲကို Miss Grand International Public Company Limited (MGI) အဖွဲ့အစည်းရဲ့ ကြီးကြပ်မှု အောက်ကနေ အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသွားမယ့်အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Source - CH8 Thai TV / PPTVHD36











