DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဒုံ စစ်တပ်ဝင်းအနီး ကျားဖြန့်ငွေလိမ်အဖွဲ့ အ​ထိုင်ချလုပ်ကိုင်နေ 
DVB
·
November 4, 2025
မင်္ဂလာဒုံ စစ်တပ်ဝင်းအနီး ကျားဖြန့်ငွေလိမ်အဖွဲ့ အ​ထိုင်ချလုပ်ကိုင်နေ 
Donate to DVB

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းမက စစ်တပ်ဝင်းဧရိယာရဲ့ အနီးဝန်းကျင်မှာ ကျား​ဖြန့်ဂိုဏ်းအဖွဲ့တခုက အခြေချပြီး ငွေလိမ်လည်တာတွေ လုပ်နေတယ်လို့ မြို့ခံ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ခ​ရေပင်လမ်းခွဲနဲ့ တညင်းကုန်းလမ်းဆုံ​ကြားရှိ မင်္ဂလာဒုံပန်းခြံဘေးလမ်းကနေ ဝင်သွားရတဲ့ အိမ်ရာဝင်းထဲမှာ အခိုင်အမာ အထိုင်ချထားတာ​လို့ ကိုယ်တိုင်ရောက်ရှိ တွေ့မြင်ခဲ့သူတယောက်က ပြောပါတယ်။

အဲဒီ ကျား​ဖြန့်ဂိုဏ်းအဖွဲ့က အွန်လိုင်းကနေ ​ငွေလိမ်လည်တာတင်မကဘဲ နယ်ခံတချို့ကို မက်လုံး​ပေး စည်းရုံး​ပြီး အရပ်ထဲက ငွေလိမ်လို့ရမယ့်သူကို ရှာခိုင်းတဲ့နည်းလမ်း အသုံးပြုတာကြောင့် လိမ်လည်ခံရမှုတွေ များလာတယ်လို့ ဆိုပါတယ်။

“သူတို့က နယ်ခံလူ ဘယ်လောက် မွေးထားလဲတော့ မပြောတတ်ဘူး။ အလိမ်ခံရတဲ့သူ တော်တော်များများက တရပ်ကွက်တည်းထဲ ​နေတဲ့သူက​နေ သိမ်းသွင်းလို့ ဖြစ်သွားကြတာ များတယ်၊ ကျားဖြန့်တွေ မြေပြင်အထိ ဖြန့်ကြက်လာလို့ အတော်သတိထားရမှာ။”

ကျား​ဖြန့်အဖွဲ့ရဲ့ စေခိုင်းခံထားရသူက ငွေလိုရင် ပိုက်ဆံလွယ်လွယ်နဲ့​ မြန်​မြန်ထုတ်ချေး​ပေးတဲ့ အဖွဲ့အစည်းရှိကြောင်း၊ ဖုန်းထဲက​ပဲ လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ရုံနဲ့ ​ငွေထုတ်​ပေးတယ်လို့ ဆွဲဆောင်ပြီး ကူညီလုပ်ပေးသလိုနဲ့ application တခုကို ကူးထည့်ပေးလိုက်တဲ့နောက်မှာ ​ငွေလိမ်မယ့်သူတွေရဲ့ ပစ်မှတ်​ဖြစ်သွားရတာလို့ မင်္ဂလာဒုံမြို့နယ်မှ ကိုယ်တိုင်လိမ်လည်ခံလိုက်ရသူရဲ့ ဆွေမျိုးတော်စပ်သူတယောက်က ပြောပါတယ်။

“စစည်းရုံးတဲ့သူက ရပ်ကွက်ထဲကပဲ။ ဦးလေးက ပိုက်ဆံ ၆ သိန်း ယူထားတာ လပိုင်းလောက်ပဲ ရှိသေးတယ်။ သိန်း ၂၀၀ ကျော် ပြန်ဆပ်ရမယ်ဆိုပြီး တောင်းလာတာ။ သူလည်း အဲဒီလိုကြီး ထင်မထားတော့ အလန့်တကြား ဖြစ်သွားတာပေါ့။”

အဲဒီနောက်မှာ ကျားဖြန့်အဖွဲ့ကနေ ငွေပြန်သွင်းဖို့ တရစပ် ဖုန်းဆက်ပြောတာအပြင် ထင်မထားတဲ့ အကျပ်ကိုင် ခြိမ်းခြောက်တဲ့ လုပ်ရပ်​တွေနဲ့ပါ ကြုံလာရတယ်လို့ ဆိုပါတယ်။

“တရက် ငွေထုတ်ပေးတဲ့ ရုံးကပါ၊ ပိုက်ဆံကိစ္စ ​ဆွေး​နွေးရ​အောင် ခဏလိုက်ခဲ့​ပေးပါလို့​ ပြောပြီး အိမ်အထိ လာခေါ်တယ်။ အိမ်စီးကားရဲ့ အနောက်ခန်းက လူနှစ်ယောက်ရဲ့ အလယ်မှာ ဦးလေးကို ထိုင်ခိုင်းပြီး လူပြတ်တဲ့နေရာ ခေါ်သွားတယ်။ ပါလာတဲ့ဓားကို ထုတ်​ပြီး သူတို့ပြောထားတဲ့ငွေ မပေးရင် သတ်မယ်၊ သူတို့က အားလုံးကိုပိုင်တယ်ဆိုပြီး ခြိမ်းခြောက်တာ” လို့ ကာယကံရှင် ကြုံတွေ့ခဲ့တဲ့ အခြေအနေကို ဆွေမျိုးတော်သူက တဆင့်ပြန်ပြောပြပါတယ်။

အိမ်အထိလာခေါ်ပြီး ခြိမ်းခြောက်တဲ့သူတွေက ကျား​ဖြန့်အဖွဲ့ကနေ ငွေပေးခိုင်းထားတဲ့ လူမိုက်တွေလို့ ယူဆရပြီး ငွေချေးထားသူရဲ့ မိသားစုဝင် တယောက်ချင်းစီကို ခိုးရိုက်ထားတဲ့ ဓာတ်ပုံတွေ ထုတ်​ပြကာ ပိုက်ဆံမပေးရင် အဲဒီသူတွေကိုပါ အန္တရာယ်ပေးမယ်လို့ အကျပ်ကိုင်လာတဲ့ အတွက် ရှာ​ကြံရသလောက် အရင်ပေးထားမယ်လို့ ညှိလိုက်ရကြောင်း ပြောပါတယ်။

အဲဒီနောက် ငွေ​ပေးသွင်းမယ့်ကိစ္စနဲ့ ပတ်သက်လို့ သဘောတူစာချုပ်မှာ လက်မှတ်ထိုးဖို့ဆိုပြီး မင်္ဂလာဒုံပန်းခြံ ဘေးလမ်းကနေ ဝင်သွားရင် တွေ့ရတဲ့ အဆောက်အဦတွေဆီ ဆက်ခေါ်သွားတယ်လို့ ဆိုပါတယ်။

ကာယကံရှင်က ​ရောက်ခဲ့တဲ့ ​နေရာရဲ့ နာမည်နဲ့ လိပ်စာကို အလွတ်မမှတ်မိလို့ အတိအကျ မပြောနိုင်ပေမဲ့ မင်္ဂလာဒုံပန်းခြံဘေးလမ်းကနေဝင်ရင် Dagon Golf City Housing Complex နဲ့ ဒဂုံဂေါက်ကွင်းတို့ ရှိတာဖြစ်သလို Dagon Golf City Housing Complex ရဲ့ ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာ ဆောက်ထားတဲ့ အဆောက်အဦတချို့ကို Google Map ကနေ မြင်တွေ့ရပါတယ်။

အဲဒီအဆောက်အဦရဲ့ အထဲမှာ ကွန်ပျူတာကိုယ်စီနဲ့ အလုပ်လုပ်နေသူ အများအပြားကို တွေ့ရသလို သူ့လို​ ခြိမ်းခြောက် အကျပ်ကိုင်ခံရပြီး ရောက်လာတဲ့ လူစိမ်းတချို့ကိုလည်း မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကိုယ်ပိုင်သဘောတူညီချက်နဲ့ ငွေပေးသွင်းတာ ဖြစ်ကြောင်းကို လက်မှတ်ထိုးခိုင်းတာ။ အဲဒီလို လက်မှတ်ထိုးထားတဲ့ စာချုပ်နဲ့ ဖိုင်တွေ အထပ်လိုက်ကြီး တွေ့ခဲ့တယ်လို့လည်း ပြောတယ်။”

အဲဒီနောက် အိမ်ဂရံပေါင်လို့ရတဲ့ ပိုက်ဆံသိန်း ၁၈၀ ကို ကနဦးပေးလိုက်ပြီး ကျန်တဲ့ပိုက်ဆံပေးဖို့ အခက်အခဲရှိသလို ခြိမ်းခြောက် ရန်ပြုတာ​တွေ ထပ်လုပ်မှာကို စိုးရိမ်ရတဲ့အတွက် မိသားစုလိုက် တခြားတနေရာ သွားရှောင်နေရတယ်လို့ သိရပါတယ်။

ကျား​ဖြန့်အဖွဲ့ရဲ့ မြေပြင် ဖြန့်ကြက်ပြီး ငွေလိမ်လည်မှုက မင်္ဂလာဒုံမြို့နယ်တင်မကဘဲ ဆက်စပ်မြို့နယ်က သူတွေပါ ကြုံတွေ့နေရတာဖြစ်ပြီး ပိုက်ဆံမပေးနိုင်တဲ့အတွက် အန္တရာယ်​​ပြုမှာကို စိုးရိမ်​နေ​ကြရသူတွေနဲ့ ရှိတာရောင်းချ​ပြီး ပေးလိုက်ရလို့ ဘဝပျက်သွားရတဲ့ မိသားစုတွေ ရှိနေတယ်လို့ ကိုယ်တိုင်တွေ့မြင်ထားသူတွေက ဆိုပါတယ်။

လှည်းကူးမြို့မှာ နေထိုင်သူတယောက်က “အသိတယောက်ဆို အိမ်ရောင်းပြီး ပေးလိုက်ရတယ်။ လူရင်းထဲကပဲ အချိတ်အဆက် လုပ်ပေးတာ။ ဒီလောက် သောင်းကြမ်းနေတာ မသိတာလား၊ ပေါင်းစားထားလို့ လွှတ်ပေးတာလား မပြောတတ်ဘူး” လို့ ပြောပါတယ်။

မင်္ဂလာဒုံ​မြို့နယ်က ကျား​ဖြန့်အဖွဲ့ အထိုင်ချ လှုပ်ရှားနေတယ်ဆိုတဲ့ နေရာရဲ့ ပတ်လည်မှာ စစ်တပ်ရဲ့ တပ်ဝင်းတွေ အခြေစိုက်ထားတဲ့အတွက် လုံခြုံရေးနဲ့ပတ်သက်လို့ အလေးထား စောင့်ကြည့် ပြင်ဆင်ထားရတဲ့ နယ်မြေအဖြစ် ရှိနေတာ ဖြစ်ပါတယ်။

အဲဒီ ခရေပင်လမ်းခွဲနဲ့ တညှင်းကုန်းလမ်းဆုံကြားက ခရေပင်လမ်းမမှာ အမှတ် ၁ စစ်သားစုဆောင်းရေးတပ်၊ ၆၄၆ တပ်၊ လေတပ်ဝန်ထမ်းလိုင်းခန်း၊ စစ်ဆေးတက္ကသိုလ်တို့ရှိ​ပြီး လမ်းရဲ့ ​ဘေးဝဲယာ တလျှောက်လုံးနီးပါးက စစ်တပ်ပိုင်မြေ ဖြစ်သလို မင်္ဂလာဒုံမြို့နယ် ​မြို့မရဲစခန်းလည်း မလှမ်းမကမ်းမှာ ရှိ​ပါတယ်။

အဲဒီ စစ်တပ်နဲ့ ရဲစခန်းတို့နဲ့ နီးကပ်တဲ့နေရာမှာ ရှိနေပေမဲ့ ကျားဖြန့် ငွေလိမ်လုပ်ငန်းကို အတားအဆီးမရှိဘဲ ရဲရဲတင်းတင်း လုပ်ခွင့်ရနေတာနဲ့ ပတ်သက်လို့ နောက်ကွယ်က ဆက်စပ် ပါဝင်ပတ်သက်မှုတွေအပေါ် ငွေလိမ်ခံရသူတွေနဲ့ မြို့ခံပြည်သူတချို့က စိတ်ဝင်တစား ရှိနေပါတယ်။

ကျားဖြန့် ​ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းကို ဒုစရိုက်နယ်ပယ်က တရုတ်နိုင်ငံသားတွေရဲ့ ကြီးစိုး ဦး​ဆောင်မှုနဲ့ နယ်စပ်​ဒေသတွေမှာ စတင် လှုပ်ရှားခဲ့ရာကနေ ရန်ကုန်မြို့အထိ စိမ့်ဝင်လုပ်ကိုင်မှုတွေ ရှိလာသလို ဒေသတွင်း နိုင်ငံတချို့ဆီ ကူးစက် ရောက်ရှိတာတွေလည်း ရှိပါတယ်။

အဲဒီလုပ်ငန်းရဲ့ ငွေကြေးလိမ်လည်မှုတွေက အချိန်တိုအတွင်း မြင့်တက်ခဲ့သလို မသိနားမလည်ဘဲ ဝင်လုပ်မိသူတွေကို ငွေလိမ်ဖို့ လျာထားသတ်မှတ်​ပေးထားတဲ့ အ​ရေအတွက် မ​ပြည့်​ပြည့်​အောင် ရှာဖို့ ဖိအားပေးခိုင်းတာ၊ နိုင်ငံခြားသားတချို့ကို လိမ်ခေါ်ပြီး ပြန်မလွှတ်ဘဲ ညှဉ်းပန်းနှိပ်စက်သလို ငွေလိမ်တဲ့အလုပ်ကို အတင်းအကျပ် လုပ်ခိုင်းတာမျိုးတွေ ဆက်တိုက်ရှိလာတဲ့နောက်မှာ အလေးထား နှိမ်နင်းရမယ့် ပြဿနာတခုအ​ဖြစ် နိုင်ငံတကာက လက်ခံလိုက်ရတဲ့အထိ ရှိလာတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013