
၂၀၄၀ ပြည့်နှစ်အလွန်မှာ တနေ့ကို ရေနံစည် သန်း ၁၀၀ ကျော် လိုအပ်နေမှာဖြစ်ကြောင်း UAE ရေနံကုမ္ပဏီကြီးဖြစ်တဲ့ ADNOC အမှုဆောင်ချုပ် ဆော်တန်အယ်ဂျာဘာက ပြောပါတယ်။
UAE နိုင်ငံဟာ ရေနံတင်ပို့သောနိုင်ငံများအဖွဲ့ OPEC+ နိုင်ငံ ၈ နိုင်ငံထဲက တနိုင်ငံဖြစ်ပြီး ဒီဇင်ဘာလမှာ ရေနံထုတ်လုပ်မှုတွေ တိုးမြှင့်ဖို့ သဘောတူထားပါတယ်။
ဒါပေမဲ့ လာမယ့်နှစ် ပထမ ၃ လပတ်မှာ လိုအပ်တာထက်ပိုပြီး ထုတ်လုပ်မိမှာကို စိုးရိမ်တာကြောင့် ဈေးကွက်ဝေစုတွေ ပြန်လည်ရယူဖို့ အစီအစဉ်တွေ ပြုလုပ်နေပါတယ်။
အနောက်နိုင်ငံတွေရဲ့ ရုရှားရေနံကုမ္ပဏီကြီး ၂ ခုကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကလည်း OPEC အတွက် စိန်ခေါ်မှု ဖြစ်ပါတယ်။
ရုရှားဟာ OPEC+ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ဗြိတိန်နဲ့ အမေရိကန်တို့ရဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် ရေနံရောင်းချရမှု ခက်ခဲဖွယ်ရှိပါတယ်။
ဒါပေမဲ့ အယ်ဂျာဘာက စွမ်းအင်လိုအပ်ချက်က ရေရှည်မှာ ပိုပြီးလိုအပ်ချက်တွေ ကြီးလာမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
OPEC+ ဟာ UAE နိုင်ငံကို ဒီနှစ်မှာ ရေနံထုတ်လုပ်ခွင့် ပိုပြီး ခွင့်ပြုထားခဲ့ပါတယ်။ UAE နိုင်ငံဟာ တနေ့ကို စည်ပေပါ ၃ သန်း ထုတ်လုပ်နေရာကနေ ၄ ဒသမ ၈၅ သန်းအထိ တိုးချဲ့ထုတ်လုပ်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ခဲ့ချိန်တုန်းက သူတို့ရဲ့ ရေနံထုတ်လုပ်မှု ကန့်သတ်ခံခဲ့ရဖူးပါတယ်။
UAE နိုင်ငံဟာ ၂၀၂၇ ခုနှစ် နောက်ပိုင်းမှာ ရေနံထုတ်လုပ်မှုတွေ တိုးမြှင့်သွားမှာဖြစ်ပြီး ကမ္ဘာ့ ရေနံထုတ်လုပ်မှုအများဆုံး ၅ နိုင်ငံစာရင်းဝင်ဖို့ အလားအလာ ရှိတယ်လို့လည်း စွမ်းအင်ဝန်ကြီးက ဇူလိုင်လမှာ ပြောခဲ့ဖူးပါတယ်။
Source: Reuters











